ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းပေါ် အစိုးရလက်နက်ကြီးကျ ၂၀ ဦးသေ၊ ၁၆ ဦးဒဏ်ရာရ

ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းပေါ် အစိုးရလက်နက်ကြီးကျ ၂၀ ဦးသေ၊ ၁၆ ဦးဒဏ်ရာရ
by -
မဇ္စျိမ

ကချင်လွတ်မြေက်ရေး တပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ်ရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းပေါ် ခရာတောင် အခြေချထားသော အစိုးရ၏ ခမရ ၃၈၉တပ် က ၁၀၅ မမ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်သဖြင့် ဗိုလ်လောင်း သင်တန်းကျောင်းသား ၂၀ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္စျိမကို ပြောသည်။

“ဗိုလ်လောင်း ကျောင်းသားတွေ ဒီနေ့ ၁၂ နာရီ မိနစ် ၂၀ မှာ အစိုးရရဲ့ ခရာတောင်ကနေ လက်နက်ကြီး နှစ်လုံး ပစ်တယ်။ တစ်လုံးက ကေအိုင်အို ဗိုလ်လောင်းကျောင်း သင်တန်းသားတွေ စုဝေးနဲ့နေရာမှာ လာကျတော့ လူ ၂၀ သေတယ်။ ၁၆ ယောက် ဒဏ်ရာရ သွားပါတယ်”ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးဂွမ်ဂျာက မဇ္စျိမကို ပြောသည်။

လိုင်ဇာတွင် လက်နက်ကြီး နှစ်လုံး ကျခဲ့သော်လည်း အခြားတစ်လုံးမှာ ပေါက်ကွဲခြင်း မရှိကြောင်း သူက ဆိုသည်။

ထိုနေ့ နံနက် ၄ နာရီဝန်းကျင်က ကချင်ပြည်နယ် ဟိုပင်မြို့နယ် မိုင်းနောင်ဒေသ KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၂၆ ဒေသရှိ ရှေ့တန်းစခန်းကို အစိုးရ၏ ခလရ ၆ မှ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် KIA ရဲဘော်တစ်ဦး ကျဆုံးခဲ့သလို၊ နံနက် ရ နာရီ ဝန်းကျင်တွင် နမ္မတီးဒေသ KIA ၁၁ ရဲဘော် နှစ်ဦးကို အစိုးရ စစ်တပ်က ခြံုခိုတိုက်ခိုက်ခဲ့သဖြင့် တစ်ဦး ကျဆုံးခဲ့သည်ဟု ဦးလနန်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရရုံးသို့ မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ ငြင်းဆိုခြင်း မရှိသော်လည်း အသေးစိတ် မသိသေးကြောင်းနှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းကလည်း အစည်းအဝေး လုပ်နေကြောင်းသာ ဖြေကြားခဲ့သည်။

သေဆုံးသွားသော ဗိုလ်လောင်းများသည် အသက်အရွယ်အားဖြင့် ၁၈ နှစ်မှ ၂၁ နှစ် ပတ်ဝန်းကျင်ရှိ နိုဝင်ဘာ ၂၀ ရက်တွင် KIO တပ်မဟာအားလုံး၌ ဝမ်းနည်းခြင်း အထိန်းအမှတ်နေ့ သတ်မှတ်၍ ဝမ်းနည်းခြင်း လက္ခဏာဆောင်ကြရန် ညွန်ကြားထားသည်ဟု ဆိုသည်။

ဗိုလ်လောင်းများသည် နေ့လည်ပိုင်း အခြေခံစစ်ရေးပြ လေ့ကျင့်နေချိန် ထိမှန်ခဲ့သဖြင့် အထိအခိုက်များပြား ခဲ့ခြင်းဖြစ်ကာ လက်ရှိ ဒဏ်ရာရသူ ၁၆ ယောက်ကို လိုင်ဇာဆေးရုံတွင် ဆေးကုသမှုခံ ယူနေပြီး အခြေအနေ စိုးရိမ်ရသည်ဟု သူက ပြောသည်။

နိုဝင်ဘာ ၁၉ ရက် မွန်လွဲပိုင်းကလည်း လဂျားယန်၏ တောင်ဘက် ဖုန်းပင်ဘွမ်ဘက်မှ အစိုးရ စစ်တပ်ဖွဲ့များ KIA ရှေ့တန်းစခန်းရှိရာ လိုင်ဇာသို့ ချဉ်းကပ်လာနေသည်ဟု သတင်းရရှိသည်ဟု သူက ဆိုသည်။

တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် လက်နက်ကြီး ပစ်ချခံရမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ် ငန်း ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်ခဲ့သော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယာ၊ မစ္စမာရိယန်၊  တရုတ်နိုင်ငံ သံတမန်များထံသို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း သူက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်လည်း ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကေအိုင်အေနှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၁၈ ရက်က တိုက်ပွဲအတွင်း ကေအိုင်အေဘက်မှ တစ်ဦး ကျဆုံးခဲ့သည်။