ဦးသိန်းစိန် အစိုးရ၏ အုပ်ချုပ်ရေးစနစ် တာဝန်ယူမှုအားနည်းဟု ကိုကိုကြီးဝေဖန်

ဦးသိန်းစိန် အစိုးရ၏ အုပ်ချုပ်ရေးစနစ် တာဝန်ယူမှုအားနည်းဟု ကိုကိုကြီးဝေဖန်
by -
မဇ္စျိမ

သမ္မတ ဦးသိန်းစိန်၏ အစိုးရ အုပ်ချုပ်ရေးစနစ်တွင် တာဝန်ရှိမှု၊ တာဝန်ယူမှု အားနည်းနေသည်ဟု ၈၈ ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုကြီးက နိုဝင်ဘာ ၁၇ ရက်တွင် ဝေဖန်လိုက်သည်။

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် စသည်တို့ ပေါ်ပေါက်လာရေးတွင် တာဝန်ခံမှု အပိုင်းသည် အရေးအကြီးဆုံးဖြစ်ပြီး အစိုးရဖွဲ့စည်းမှု စနစ်မကျခြင်းကြောင့် အာဏာခွဲဝေရာတွင် ရှုပ်ထွေးကာ တာဝန်ရှိမှု တာဝန်ယူမှုအပိုင်းတွင် အားနည်းရခြင်းဟု သုံးသပ်ထားသည်။

U-Ko-Ko-Gyi

တော်ဝင်ဂါးဒင်းဟိုတယ်တွင် ပြုလုပ်ခဲ့သော ဒေသတွင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကွန်ဖရင့်တွင် အစိုးရ၏ အုပ်ချုပ်ရေးစနစ် လွဲမှားနေမှုများအပေါ် အချက်ရှစ်ချက်ဖြင့် ဦးကိုကိုကြီးက ဝေဖန်ခဲ့ခြင်းဖြစ်သည်။

“ပုံမှန်က လွှတ်တော်က တာဝန်ခံမှု အပိုင်းလုပ်ရမယ်။ သူက စောင့်ကြည့် ထိန်းကျောင်းပေးရမယ်။ ဘာကြောင့်လဲဆိုတော့ လူထုက ရွေးကောက် တင်မြှောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ အခုဖြစ် နေတာက အခြေခံဥပဒေမှာကို တိုက်ရိုက်တင်မြှောက်တာနဲ့ ရွေးကောက်တင်မြှောက်တာ ရောထွေးနေ တယ်။ စနစ်ကိုက ကပြားဖြစ်ပြီး ရောထွေးနေတာ။ ဒါကြောင့် တာဝန်ရှိမှု တာဝန်ခံမှုအားနည်းတာ” ဟု ၎င်းက ဝေဖန်သည်။

အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ ပွင့်လင်းမြင်သာမှုမရှိသေးကြောင်း၊ အစိုးရလုပ်ငန်း ဆောင်ရွက် ချက်များကို ပြည်သူများက အချိန်နှင့် တစ်ပြေးညီသိရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။

ပြည်နယ်နှင့်တိုင်း အစိုးရများတွင် ဗဟိုချုပ်ကိုင်မှု မြင့်မားကာ အာဏာခွဲဝေပေးမှု နည်းပါးနေသေးပြီး ဥပဒေဖြင့်သာ အုပ်ချုပ်ရေး၊ ပြဿနာများ ကို ဖြေရှင်းရာတွင် တရားမျှတမှု ရှိစေရေးနှင့် အပြီးသတ် ဆုံးဖြတ်ချက်ချနိုင်မှု စွမ်းရည်တို့တွင် အားနည်းနေသည်ဟု ၎င်းက ပြောသည်။