၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်အစိုးရအဖွဲ့ ပြည်ထောင်စု ဝန်ကြီးများ၏ အခွင့်အရေး အရည်အချင်း ကန့်သတ်ချက်များနှင့် နေပြည်တော် ကောင်စီဝင်တို့အား သတ်မှတ်ထားသော အခွင့်အရေး အရည်အချင်းသတ်မှတ်ချက်များ ကွာဟချက်များ ရှိနေခြင်းကြောင့် မလိုလားအပ်သည့် ပုဒ်မများကို ပယ်ဖျက်သင့်သည်ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဇေယျာသော် က ပြည်ထောင်စု လွှတ်တော်တွင် ထောက်ပြဝေဖန် ဆွေးနွေးလိုက်သည်။
“နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းချင်း အတူတူ ပိုမိုပြီးအခွင့်အရေးတွေပေးထားတဲ့ ပုံစံဖြစ်နေတဲ့ အတွက် ပုဒ်မ၂၈၆ ပုဒ်ခွဲ ၃ (ခခ) ကို ပယ်ဖျက်လို ခြင်းပါ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် NLD ပါတီအမတ် ဦးဇေယျာသော်က ဆိုသည်။
ပြည်ထောင်စုဝန်ကြီးသည် အသက်(၄၀)ပြည့်ပြီးသူဖြစ်ရမည်ဟု သတ်မှတ်ထားသော် လည်း နေပြည်တော် ကောင်စီဝင်အတွက်ကိုမူ အသက်(၃၅) ပြည့်ပြီးသူဖြစ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် အတည်အလင်း ဖော်ပြထားခြင်းကို လွှတ်တော်ကိုယ်စားလှယ်က ဆိုလိုခြင်းဖြစ်သည်။
ဦးဇေယျာသော်က “ရာထူးကနှုတ်ထွက်ရမယ် သို့မဟုတ် တာဝန်မှရပ်ဆဲခံရတဲ့ တပ်မတော်သား နေပြည်တော်ကောင်စီ ဝင်တွေနဲ့ ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဆိုတဲ့ စကားရပ် ပါဝင်လာပါတယ်၊ ဝန်ထမ်းချင်းအတူတူ ပိုမိုပြီးအခွင့်အရေး ပေးထားတဲ့ ပုံစံဖြစ်နေတယ်” ဟု ရှင်းပြသည်။
နေပြည်တော်ကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိသည့်အတွက် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်က ပျဉ်းမနားမြို့တွင် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သူ ဦးသာချို(ခ) ဦးကျော်မင်းဇော်သည် သည် ပုဒ်မ ၁၈ ဖြင့်အပြစ်ပေးခံ ရပြီး ထောင်ဒဏ်လေးလချမှတ်ခံခဲ့ရသည်။
ဦးသာချို ဆန္ဒဖော်ထုတ်ရခြင်းအကြောင်းမှာ နေပြည်တော်ကောင်စီအား အဖွဲ့များအား ပြည်သူကတိုက်ရိုက်ရွေး ချယ်ခံ ကိုယ်စားလှယ် များဖြင့် ပြန်လည်ဖွဲ့စည်း ပေးရန်နှင့် ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။