အတည်ပြု ပြဌာန်းလိုက်သည့် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် တက္ကသိုလ် ကျောင်းသား များ၏ သပိတ်မှောက် ဆန္ဒပြပွဲကို လေးရက်မြောက်သည့် နို၀င်ဘာ ၁၇ ရက်အပြီးတွင် ရပ်ဆိုင်းလိုက်ပြီး ရက်ပေါင်း (၆၀) အတွင်း အစိုးရနှင့် တာဝန်ရှိသူများအနေဖြင့် သပိတ် မှောက် ကျောင်းသားထုကို လာရောက်စေ့စပ်ညှိနှိုင်းခြင်း မပြုလုပ်ပါက ပိုမိုကြီးမားသည့် တိုက်ပွဲဝင်သွားမည်ဟု ကျောင်းသားများက ထုတ်ပြန်လိုက်သည်။
ကျောင်းသားသပိတ်တွင် ပါဝင်သူ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုနန္ဒစစ်အောင်က “ရက် ၆၀ အတွင်းအစိုးရက တစ်စုံတစ်ရာ လာရောက်ညှိနှိုင်းမှု မရှိဘူးဆိုရင် ကျွန်တော်တို့ လက်ရှိလုပ်နေတဲ့ သပိတ်ကို တစ်နိုင်ငံလုံး၊ မြို့တိုင်းမှာ သပိတ်မှောက်မယ်”ဟု ပြောသည်။
ကျောင်းသားများ၏ လေးရက်မြောက် သပိတ်မှောက် ဆန္ဒဖော်ထုတ်မှုအဖြစ် နေ့လည် ၁၂နာရီတွင် ဆန္ဒဖော်ထုတ်သူ ကျောင်းသား ၃၀၀ကျော်သည် အနော်ရထားလမ်း စံပြရုပ်ရှင်ရုံမှ မဟာဗန္ဓုလ ပန်းခြံရှေ့အထိ လမ်းလျှောက် ဆန္ဒပြခဲ့ပြီးနောက် မြို့တော်ခန်းမကို မျက်နှာမူပြီး ထိုင်သပိတ် ဆန္ဒဖော်ထုတ်ခဲ့ကာ ညနေ ၅နာရီခန့်တွင် ၀န်ကြီးများရုံးသို့ သွားရောက်ဂါရဝပြုပြီး တာမွေမြို့နယ်အထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သည်။
ထိုသို့ ဆန္ဒပြရာတွင် တားဆီးမှုများ တစ်စုံတစ်ရာ မရှိသည်ကို မဇ္စျိမက တွေ့ခဲ့ရသည်။
လေးရက်မြောက်နေ့ ညနေပိုင်းတွင် သပိတ်မှောက်ကျောင်းသားများ၏ ရာဇသံပေး ထုတ်ပြန်ကြေညာသည်ဟု ဆိုသော ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး လေးရက်တာ ဆန္ဒပြမှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့သော်လည်း လက်ရှိအစိုးရအပါအဝင် တာဝန်ရှိသူများက သပိတ်မှောက် ကျောင်းသားများအား တစ်စုံတစ်ရာ လာရောက်တွေ့ဆုံ ညှိနှိုင်းခြင်းများ လုံးဝမပြုလုပ်ခဲ့ဟု ပါ၀င်သည်။
ယင်းအပြင် အမျိုးသားပညာရေးဥပဒေ မူကြမ်းအဆင့်မှစတင်၍ ကျောင်းသားထုအပါအဝင် နယ်ပယ်အသီးသီး မှ ယင်းဥပဒေအား ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြတောင်းဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ကျွနု်ပ်တို့သဘောထားအသံအား လုံးဝလျစ်လျူရှုထားသည်ကို တွေ့ရသည်ဟုလည်း ထုတ်ပြန်ချက် တွင်ပါ၀င်သည်။
သို့ဖြစ်၍ သပိတ်မှောက်ကျောင်းသားထုက လက်ရှိတိုက်ပွဲဝင်လျက်ရှိသော တိုက်ပွဲပုံသဏ္ဍာန်ကို ပြောင်းလဲကာ သပိတ်တိုက်ပွဲကို အရှိန်အဟုန်မြင့် သွားရန် ဆုံးဖြတ်ခဲ့ကြောင်း နိုဝင်ဘာလ ၁၇ ရက်ကမှစတင်ပြီး ရက်ပေါင်း ၆၀ အတွင်း လက်ရှိ အစိုးရနှင့် တာဝန်ရှိသူများအနဖြင့် သပိတ်မှောက် ကျောင်းသားထုအား လာရောက်စေ့စပ်ညှိနှိုင်းခြင်း တစ်စုံတစ်ရာမျှ မပြုလုပ်ပါက လက်ရှိပြု လုပ်နေသည့် သပိတ်တိုက်ပွဲများကို ထပ်မံ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်လိုက်သည်။
လေးရက်မြောက်နေ့ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ကဗျာရွက်ဆိုခြင်းများပြုလုပ်ခဲ့ပြီး ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့၊ ၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ စသည့် အဖွဲ့အစည်းများက လည်း ထောက်ခံသည့် သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
ဆန္ဒပြသည့် သုံးရက်မြောက်နေ့တွင် အဆင့်မြင့် ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များက လာရောက်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
အမျိုးသားပညာရေးဥပဒေကို သမ္မတမှ လက်မှတ်ထိုးပြီး စက်တင်ဘာ ၃၀ ရက်တွင် အတည်ပြု ပြဋ္ဌာန်း လိုက်သောကြောင့် နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာလ ၁၂ရက်နှင့် ၁၃ရက်တို့တွင် နာရေးကူညီမှုအသင်း သုခခန်းမတွင် ကျင်းပခဲ့ပြီး ကျောင်းသား ကိုယ်စားလှယ်များက အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ဒီမိုကရေစီစံနှုန်းနှင့် ညီသော ပညာရေး ဥပဒေတစ်ခု ပေါ်ထွက်လာစေရေးအတွက် သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။