အခြေခံ ဥပဒေ ပြင်ရာတွင် ၂၅ ရာခိုင်နှုန်းသာရှိသည့် တပ်ကိုယ်စားလှယ်များ အဓိကကျဟုပြောခြင်း မတရားဟု တပ်မတော်ပြော

အခြေခံ ဥပဒေ ပြင်ရာတွင် ၂၅ ရာခိုင်နှုန်းသာရှိသည့် တပ်ကိုယ်စားလှယ်များ အဓိကကျဟုပြောခြင်း မတရားဟု တပ်မတော်ပြော
by -
မဇ္စျိမ

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ရာတွင် လွှတ်တော်တွင်း ကိုယ်စားလှယ် ၅၄ ရာခိုင်နှုန်းရှိသည့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထက် ၂၅ ရာခိုင်နှုန်းသာရှိသည့် တပ်မတော်သား ကိုယ်စားလှယ်များကို အဓိကျသည်ဟု ပြောခြင်းက ‘မတရား’ ဟု တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင်က ကာကွယ်ပြောဆိုလိုက်သည်။

၎င်းက "အချို့ ပုဂ္ဂိုလ်တွေက ၂၅ ရာခိုင်နှုန်း ရရှိပြီးတော့ တပ်မတော် အစုအဖွဲ့က မပြင်ဘဲ ဘာမှ ပြင်လို့မရဘူးလို့ စွတ်စွဲနေကြတာ။ ကျွန်တော်တို့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ၂၅ ရာခိုင်နှုန်းဖြစ်ပါတယ်၊ လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးပါတီက ၅၄ ရာခိုင်နှုန်းရှိပါတယ်၊ ဒီရာခိုင်နှုန်းကိုကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ တပ်မတော်သားကိုယ်စားလှယ်အဖွဲ့သည် အခြေခံဥပဒေပြင်ရာမှာ အဓိက ကျတယ်လို့ပြောတာ တရားမျှတမှုမရှိလို့ ပြောရမှာဖြစ်ပါတယ်’’ ဟု ဆိုသည်။

Parliament-4

နိုဝင်ဘာ ၁၇ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာအပေါ် ကိုယ်စားလှယ် ၃၂ ဦးဆွေးနွေးခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက "ကျွန်တေ်တို့ တပ်မတော်သား ကိုယ်စားလှယ်များသည် သက်သက်အနေဖြင့် မည်သို့မှ ဖွဲ့စည်းပုံပြင်ဆင်နိုင်ခြင်းမရှိဘူး ဆိုတာကိုလည်း တစ်ဖက်ကနေပြီး သိမြင်ဖို့လိုအပ်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်အစု အဖွဲ့ဟာ အခြေခံ ဥပဒေ မပြောနဲ့ တည်ဆဲ ဥပဒေများကိုပင် ပြင်ဆင်နိုင်စွမ်း မရှိတဲ့ အခြေအနေဖြစ်ပါတယ်’’ ဟု ဖြည့်စွက်ပြောသည်။

ထို့ပြင် ၅၉(စ)သည် အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက မူလအတိုင်းထားရှိရန် ကော်မတီဝင် ၃၁ ဦးအနက် ၂၁ ဦးက ထောက်ခံအတည်ပြုထားသည့် ပုဒ်မဖြစ်ပြီး ပုဒ်မ၏ ရည်ရွယ်ချက်သည် နောင်ဖြစ်လာမည့် သမ္မတသည် တိုင်းရင်းသားဖြစ်ရမည့် အပြင် သမ္မတဖြစ်မည့်သူနှင့် မိဘသားသမီးများ အပါအဝင် တိုင်းပြည်၏ ဘက်စုံစံနမူနာဖြစ်စေရေးအတွက် ထည့်သွင်းရေးဆွဲ ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းက "ဒီဥပဒေဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ရေးဆွဲသည် မဟုတ်ကြောင်းနှင့် တိုင်းရင်းသား ပြည်သူအားလုံအတွက် ဖြစ်ကြောင်း သတိပြုစေခြင်ပါတယ်။ အချို့က သားသမီးများနဲ့ ပက်သက်ပြီး ချုပ်ကိုင်ထားမှုကို ပယ်ဖျက်လိုကြောင်း ဆန္ဒရှိကြောင်း တွေ့ရှိရပါတယ်’’ ဟု ဆိုသည်။

အင်န်အယ်လ်ဒီပါတီ၊ လက်ပံတန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက လွှတ်တော်ကိုယ်စားလှယ်များ၏ ရ၅ ရာခိုင်နှုန်းကျော်အပြင် မဲပေးနိုင်သည့် လူဦးရေ၏ ထက်ဝက်ကျော်ဖြင့် ပြင်ရမည့်အခြေခံဥပဒေပုဒ်များသည် ပြင်ရန်လွန်စွာခက်ခဲသည်ဟု ဆိုသည်။

၎င်းအနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံ သို့မဟုတ် ထက်ဝက်ကျော်ဖြင့် ပြင်ဆင်ရန်အကြံပြုလိုသည်ဟု ဆက်လက်ပြောကြားသည်။

၎င်းက "ကျွန်တော်တို့ ၄၃၆ ပြင်ရာမှာ အဓိက အလေးထားရမှာက ပြည်သူ ငါးသန်း ရဲ့အသံကို အလေးထားရမှာဖြစ်ပါတယ်၊ ဒီဥပဒေ ပုဒ်မကို နိုင်ငံသူနိုင်ငံသားများရဲ့ အကျိုးစီးပွားကိုကြည့်ပြီး flexible ဖြစ်အောင် ပြင်ဆင်ပေးပါလို့ တင်ပြပါတယ်’’ ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၅၉(စ)သည်လည်း လူတစ်ဦးတစ်ယောက်အား ရည်ရွယ်၍ ရေးဆွဲထားသော ဥပဒေပုဒ်မဖြစ်ပြီး နိုင်ငံသားများကလည်း မိမိတို့နှစ်သက်သည့်လူသည် နိုင်ငံအတွင်းမှာပဲမွေး ဖွားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းအဖြစ် သတ်မှတ်ထားသည့် နိုင်ငံခြား အစိုးရ၏ ကျေးဇူးခံ ကျေးဇူးစား မဖြစ်ရဆိုသည့် အချက်နှင့်လည်း ကင်းရှင်းသူကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ခြင်းသည် ပြည်သူများ၏ အခွင့်အရေးဆုံးရှုံးစေသည်ဟု ၎င်းက ပြောသည်။