ကချင်ပြည်နယ် ဖားကန့်မြို့“ဝဂျေမော်” ကျောက်စိမ်းမော်၌ တောက်ပကြယ် ကုမ္ပဏီ၏ ကရိန်းဖြင့် ကုတ်မိ ၍ မောင်ဖုတ်လောင် ကွမ်ဂျာအောင် (ခေါ်) ဇယ်လွမ်း သေဆုံးသွားမှုနှင့် ပတ်သက်၍ ကုမ္ပဏီကို ကျောက်စိမ်းမှော်မှ ထွက်သွားရန် ဒေသခံ များက နိုဝင်ဘာ ၂၀ရက်တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု ဦးလမောင်လတောင် က မဇ္စျိမကို ပြောသည်။
“အခုက ရေမဆေးကို လွတ်လွတ် လပ်လပ်ကောက်ခွင့် မပေးတဲ့အပြင် ကျွန်တော်တို့ရဲ့ ဒေသခံလူ တစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့အတွက် ဘဝ ဘာမှလုံခြံုမှု မရှိတော့ဘူး၊ အဲဒါကြောင့် ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တာပါ” ဟု ဖားကန့်ဒေသခံ ဦးလမောင်လတောင်က ပြောသည်။
ဆန္ဒပြရာတွင် တောက်ပကြယ် ကုမ္ပဏီ ရုတ်သိမ်းပေးရန် အပါအဝင် အချက် ၅ ချက်ဖြင့် ဆန္ဒဖော်ထုတ်သွား မည်ဟု ၎င်းက ပြောသည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော နိုင်ငံတော်သည် မြေပေါ်မြေအောက် သံယံဇာတ အကုန်လုံး၏ ပိုင်ရှင်ဖြစ်သည်ဆိုသည့် အချက်နှင့် ပတ်သက်၍လည်း ကချင်ပြည်နယ်ရှိ သံယံဇာတများကို စီမံကွပ်ကဲရာတွင် ကချင်ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ရှိရန် ဥပဒေ ပြဌာန်းပေးရေးကိုပါ တောင်းဆိုသွားမည်ဟု သူက ဆိုသည်။
“ဒေသခံတွေက ဆင်းရဲတွင်းနက်နေတယ်။ ဆိုလိုတာက အခုဒီမှာ ကျောက်စိမ်းတွင်း လာလုပ်နေတာက တရုတ်တွေ၊ ဗိုလ်ချုပ်တွေပဲ ရသမျှ အကုန်လုံး သူတို့ သိမ်းကျုံးသွားတယ်။ ဒီမှာရှိတဲ့ ဒေသခံတွေက ဘာမှ အကျိုးမရှိဘူး။ အဲဒါကို ဖော်ပြချင်တဲ့ သဘောပါ”ဟု ဦးလမောင်လတောင်က ပြောသည်။
လာမည့် နိုဝင်ဘာလ ၂၀ ရက် နံနက် ၁၀ နာရီတွင် ဖားကန့်မြို့ ဥရုချောင်း တစ်ဖက်ကမ်းရှိ မရှီကထောင်ရပ် ကွက်မှ စတင်ထွက်ခွာ၍ အစိုးရ စုပေါင်းရုံးရှိ ကျောက်တိုင်ကွင်းအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်ဟု သူက ပြောသည်။
ဆန္ဒပြခွင့်ကို တရားဝင် ပေးထားခြင်း မရှိသော်လည်း ဖားကန့်မြို့ရှိ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မြို့နယ်မှူး၊ မြို့နယ် ဦးစီးမှူးတို့နှင့် ညှိနှိုင်းထားပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်က ဝဂျေမှော်တွင် တောက်ပကြယ် ကုမ္ပဏီမှ မြေစာလာချစဉ် ကရိန်းကားဖြင့် မြေကြီးများနှင့်အတူ ကုတ်မိ၍ ဘယ်ဖက်လက်တဖက်တစ်ပိုင်း၊ ခန္ဒကိုယ်နှင့် ညလက်တစ်ပိုင်း၊ ခေါင်းနှင့် ခြေထောက်အပိုင်း လေးပိုင်းပြတ်နေသော အသက် ၂၀ နှစ်အရွယ် မောင် ဖုတ်လောင် ကွမ်ဂျာအောင် ခေါ် ဇယ်လွမ်းအလောင်းကို ကရိန်းကားမောင်းသူက မီးသင်္ဂြိုလ်ကာ အလောင်းဖျောက် ခဲ့သည်။
ယင်းကြောင့် နိုဝင်ဘာလ ၁၀ ရက်တွင် တောက်ပကြယ် ကုမ္ပဏီက မောင်ဖုတ်လောင် ဂွမ်ဂျာအောင် သေဆုံးမှုကို နစ်နာကြေးအဖြစ် ကျပ်သိန်း ၂၀၀ ပေးမည်ဟု ပြောဆိုထားကြောင်း သေဆုံးသူ၏ အစ်ကို ဦးဘရန်နန်က မကြာမီက မဇ္စျိမကို ပြောခဲ့သည်။