မြေယာအသုံးချမှု ဥပဒေမူကြမ်းအပေါ် ပြည်သူ့ သဘောထားကောက်ယူ

မြေယာအသုံးချမှု ဥပဒေမူကြမ်းအပေါ် ပြည်သူ့ သဘောထားကောက်ယူ
by -
ကန္တာရဝတီတိုင်းမ်

မြေယာအသုံးချမှု ဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး ပြည်သူလူထုများသိရှိနားလည်နိုင်ရန်အတွက် သဘောထားရယူနိုင်ရန် နိုဝင်ဘာ (၁၄) ရက် နေ့က မေတ္တာဖောင်ဒေးရှင်းမှ ဦးဆောင်ကာ ဒီးမော့ဆိုမြို့နယ် ကယန်းနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝန်းခန်းမဆောင်အတွင်း ပြည်သူလူ ထုနှင့် ဆွေးနွေးခြင်းပြု လုပ်ခဲ့ကြောင်း သိရသည်။

“အဓိကအကြောင်းရင်းကတော့ ကျနော်တို့ မြေအသုံးချမှုအပေါ် မူဝါဒ မူကြမ်းလေးကိုတော့ ပြည်သူလူထု ကိုသိစေချင်တယ်။ ဒီအပေါ်မှာ ပြည်သူလူထုရဲ့ သဘောထားကိုလည်းပဲရယူချင်တယ်” ဟု မေတ္တာဖောင်ဒေးရှင်းမှ စီမံကိန်းရုံးညှိနှိုင်းရေးမှူး ဦးခွန်မြင့်နိုင်က ပြောသည်။

army-limit-road-roks

ဆွေးနွေးပွဲတွင် ရွေ့ပြောင်းတောင်ယာများ၊ လယ်ယာမြေများနှင့် သစ်တောမြေ ဆိုင်ရာ မူပေါ်လစီ များအပေါ် ဆွေးနွေးခဲ့ကြပြီး ပြည်သူများ၏ လိုလား ချက်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

“အဓိကကတော့ မြေယာအသုံးမှုနှင့်ဆိုင်တဲ့ ကိစ္စတွေကိုတိုင်းရင်းသားရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေ အတိုင်းစီရင်ဆုံးဖြတ်လို့ရတဲ့ ဟာတွေလည်းပဲဆုံးဖြတ်နိုင်ခွင့်ရှိဖို့၊ သူတို့အသုံးပြုနေတဲ့မြေတွေ သူတို့ဖက်ကနေပြီးမှ ခိုင်မာတဲ့ ပိုင်ဆိုင်မှု ရှိစေဖို့ အတွက် စသည့်ဖြင့်ပေ့ါ” ဦးခွန်မြင့်နိုင်က ဆက်ပြောသည်။

လက်ရှိတွင် ကယားပြည်နယ်အတွင်း မြေယာသိမ်းဆည်းမှု ပဋိပက္ခ များကြောင့် တောင်သူ အချို့ တရားရင်ဆိုင်နေရသည့်အပေါ် အစိုးရမှ ထင်သာမြင်သာဖြစ်အောင် ဆောင်ရွက်ပေးသင့်ကြောင်းနှင့် လယ်ယာမြေ သိမ်းဆည်းသည့်ဥပဒေများကို ပါ ပွင့်လင်းမြင်သာမှုရှိအောင် ချပြသင့်ကြောင်း ဆွေးနွေး ပွဲသို့တက်ရောက်လာသော ဦးစောမောလေးကဆိုသည်။

“အသိမ်းခံရတဲ့ တောင်သူလယ်သမားတွေကို ဒီလယ်ယာမြေသိမ်းတဲ့ ဥပဒေတွေပေ့ါလေ။ သူတို့ကိုလည်း ဂဃနဏသိစေချင်တယ်။ တကယ်တမ်းမြေသိမ်းတဲ့အခါမှာ မရှိဆင်းရဲတဲ့တောင်သူတွေကိုပဲ အများစုရင်ဆိုင်ကြံုတွေ့နေရတဲ့ကိစ္စပေ့ါလေ။ ဆိုတော့ အစိုးရကနေဆင်းရဲနေတဲ့တောင်သူတွေ၊ လယ်မြေအနည်းငယ်ရှိနေတဲ့တောင်သူတွေရဲ့ အကျိုးကိုမျှော်ကိုးပြီးမှ ဆောင်ရွက် ပေးစေချင်ပါတယ်” ဟုဆိုသည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲသို့ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ် မှ ကိုယ်စားလှယ် စုစုပေါင်း ၆၃ ဦးတက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြေအသုံးချမှုဆိုင်ရာ ပြည်သူများ၏သဘောထားပါ၀င်သော ဆွေးနွေးတင်ပြချက် (၂၀) ချက်ကို စုစည်းချမှတ်နိုင်ခဲ့ပြီးလာမည့် နို်ဝင်ဘာ (၂၄) တွင် ရောက်ရှိလာမည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ မြေယာခွဲဝေ အသုံးချ စိစစ် ဆောင်ရွက်ရေးကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။