ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်း အတွက် EIA အစီရင်ခံစာ လိုအပ်ချက် ရှိသဖြင့် လက်ခံမထားသေး

ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်း အတွက် EIA အစီရင်ခံစာ လိုအပ်ချက် ရှိသဖြင့် လက်ခံမထားသေး
by -
မဇ္စျိမ

သံလွင်မြစ်ပေါ်တွင် မြန်မာနိုင်ငံ အစိုးရနှင့် ထိုင်းနိုင်ငံ အာဏာပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော EGAT Public Company Ltd တို့ပူးပေါင်း ဆောင်ရွက်သော ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်း၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ချက် အစီရင်ခံစာ (EIA) တွင် လိုအပ်ချက်များ ရှိသဖြင့် လက်ခံထားခြင်း မရှိဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှုး ဦးသန်းအေးက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ချင်းမိုင် တက္ကသိုလ်တွင် နို၀င်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကျင်းပခဲ့သော ဆာရာဝမ် (သို့) သံလွင် (သို့) နု ဖြစ်ဆိုင်ရာ လေ့လာခြင်း အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခြင်းဖြစ်သည်။

အဆိုပါ အစီရင်ခံစာကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနသို့ ယခုနှစ်အစောပိုင်းကာလ အတွင်း လာရောက်တင်ပြသော်လည်း ၎င်းတို့ကောက်ယူထားသည့် အချက်အလက်များသည် ၂၀၀၆ ခုနှစ်အတွင်းက ကောက်ယူထားသည့် အချက်လက်များဖြစ်သောကြောင့် လက်ခံမထားခြင်း ဖြစ်သည်။

ဦးသန်းအေးက “အချက်လက်တွေက အရမ်းနောက်ကျနေတဲ့အတွက် ပြန်လုပ်ဖို့ ပြန်ပေးထားတယ်။ သူတို့ အခုထိ ပြန်မတင် လာသေးဘူး”ဟု ဆိုသည်။

ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် အစီရင် ခံစာကို ထိုင်းနိုင်ငံ  EGAT ကုမ္ပဏီက ချုလာ လောင်ကွမ်း တက္ကသိုလ်နှင့် သဘာဝ ပတ်ဝန်းကျင် သုတေ သနအင်စတီကျု့တို့ကို ငှားရမ်းလုပ်ကိုင်ခဲ့သည့်ဆန်းစစ်ချက်ဖြစ်ပြီး   ၂၀၀၆ ခုနှစ် မှ ၂၀၀၇ ခုနှစ်အထိ တစ်နှစ်တာ ကာလ၏ ၁၈ ရက်ခန့်ကိုသာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်တမ်းမှာ ၂၀၀၈ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သော Towards Ecological Recovery Regional Alliance မှ မစ္စတာ မွန်ထရီချန်တာဝန်က ပြော သည်။

ယင်းရေကာတာကြောင့် သံလွင်မြစ်ရေပမာဏ ပြောင်းလဲမည်ဆိုပါက သံလွင်မြစ်ကမ်းပါးတွေ အပေါ်သက်ရောက်မှု ရှိနိုင်ခြင်း၊ ငါးများ ရွှေ့ပြောင်းနေထိုင်းမှု အပြောင်းလဲခြင်း၊ ဒေသခံများ၏ စားနပ်ရိက္ခာလုံခြံုမှုအပေါ် မည်မျှ လုံခြံုမှုရှိနိုင်မှုမည့် သက်ရောက်နိုင်မှု အခြေအနေ ဖော်ပြထားခြင်း မရှိဟု မစ္စတာ မွန်ထရီချန်တာဝန်က ထောက်ပြပြောဆိုသည်။

ဦးသန်းအေးက “စီမံကိန်းအကြောင်းကို လုပ်မယ့်သူအနေနဲ့ ဒေသခံအစိုးရ၊ ဒေသခံ၊ ဆည်ကြောင့် သက်ရောက်မှု ခံရမယ့်သူတွေကို နားလည်အောင်ရှင်းပြပြီး ဘယ်လိုလျော့နည်းအောင်လုပ်မလဲ တင်ပြရမယ်။ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ရမယ်။ ရီပို့ ထွက်မလာရင်တော့ သူတို့ စီမံကိန်းလည်း လုပ်မရဘူးပေါ့” ပြောသည်။

ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းကို မြန်မာနိုင်ငံ အစိုးရနှင့် ထိုင်းနိုင်ငံ အာဏာပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော EGAT Public Company Ltd တို့ က ၂၀၀၅ ခုနှစ်ဒီဇင်ဘာတွင် နားလည်မှုစာချွန်လွှာ MOU ရေးထိုးပြီး၊ ၂၀၁၀ပြည့်နှစ် ဧပြီလတွင် သဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့သည်။ ယင်းရေအားလျှပ်စစ်မှ မဂ္ဂါ၀ပ်ပေါင်း ၁၃၆၀ ထုတ်ယူမည်ဖြစ်ပြီး ထွက်ရှိသည့် လျှပ်စစ်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမည် ဖြစ်သည်။