၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း သတ်မှတ်ချက် ဆိုင်ရာ ပုဒ်မ ၅၉ (စ)ကို အခြေအနေနှင့် အချိန်အခါပေါ်မူတည် စဉ်းစားပြီး မှသာ ပြင်ဆင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ဆန္ဒရှိ သည်ဟု ပါတီဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရည် က ပြောသည်။
ထို့ပြင် ဖွဲ့စည်းပုံပါ ပုဒ်မ ၆ (ဃ)ဖြစ်သော စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးဆိုသောစကားရပ်ပြင်ဆင်ရန်ကိုလည်းယင်းသို့ ပင် သဘောထားရှိသည်ဟု ပြည်ထောင်စု လွှတ် တော် အစည်းအဝေးတွင် ၎င်းက ပြောသည်။
“နိုင်ငံတော်ရဲ့ လက်ရှိပြည်တွင်းအခြေအနေ ပြည်ပအခြေအနေ၊ နိုင်ငံတည်ရှိပုံ၊ နိုင်ငံကြီးတွေကြားမှာ ညပ် နေတာတွေ၊ နိုင်ငံတော်ရဲ့ နိုင်ငံရေးသဘောတရား မျက်နှာဖုံးအဆက် “ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဘက်စုံ ထောင့်စုံ စဉ်းစားပြီး တဲ့နောက် အခြေ အနေနဲ့ အချိန်အခါ အရစဉ်းစား လုပ်သင့်တဲ့ ပုဒ်မလို့ အကြံပြုထား တယ်၊ ပါတီရဲ့ အကြံပြု ချက်ဖြစ်တဲ့ ပုဒ်မ-၆(ဃ)နဲ့ ၅၉ (စ) လုံးကို ကျွန်တော် ဆွေးနွေးခြင်း ဖြစ်တယ်၊ ပုဂ်္ဂိုလ် ရေးဆန္ဒမဟုတ်ဘူး” ဟု ဦးခင်မောင်ရည်က ပြောသည်။
၎င်းက လက်ရှိဖွဲ့စည်းပုံသည် ၁၉၉၃ ခုနှစ်တွင် စတင်သည့် အမျိုးသားညီလာခံက အခြေအနေ အချိန်အခါ အရ စဉ်းစား၍ အချိန်ယူရေးဆွဲထားခြင်းဖြစ်သဖြင့် မှားယွင်းနေသည်ဟု မဆိုနိုင်ကြောင်းလည်း သုံးသပ်ပြသည်။
အမျိုးသားဒီမိုကရေစီအဖွဲချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က မူ ၁၉၇၄ ခုနှစ် ပြည် ထောင်စုဆိုရှယ်လစ် သမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆၄ နှင့် ပုဒ် ၆၅ ပြဋ္ဌာန်းချက်ပါ အရ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်အတိုင်းဆိုလျှင် လုံလောက်သည်ဟု ပြောသည်။
၎င်းတို့က လွှတ်တော်သက်တမ်းလေး နှစ်နီးပါးအတွင်း စာရင်းသွင်းသူဦးရေ ၁၄၆ ဦးဖြင့် စံချိန်တင်ထား သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးမှု အစီအ စဉ်အတွင်း ပြောဆိုကြခြင်းဖြစ်သည်။ ယင်းအရေး ဆွေးနွေးမှုများကို နိုဝင်ဘာ ၂၅ ရက် နောက်ဆုံးထားဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းက ညွှန်ကြားထားသည်။