တစ်နှစ်ခန့်ကြာ အမှုရင်ဆိုင်နေရသည့် ကမာရွတ်မြို့နယ် အမှတ် (၃) ရက်ကွက်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုကို နိုဝင်ဘာလ ၁၉ ရက်တွင် အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ် တရားရုံးတွင် အပြီးသတ်လျှောက်လဲချက် ကြားနာမည်ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် အကျိုးတော်ဆောင်ရှေ့နေ မိုင်းငွန်ဒီဆန်းက မဇ္စျိမကိုပြောသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလက စတင်၍ အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦးက အသက် ၆ နှစ်ခွဲ အရွယ် ပထမတန်း ကျောင်းသူတစ်ဦးကို အဓမ္မကျင့်ခဲ့၍ မုဒိန်းမှု ပုဒ်မ ၃၇၆ ဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။
ရှေ့နေ မိုင်းငွန်ဒီဆန်းက “လာမယ့်ဗုဒ္ဓဟူးနေ့ကို အပြီးသတ်လျှောက်လဲချက် တင်မှာပါ။ ပြီးရင် တရားသူကြီးက အမိန့်ချမယ့်ရက်သတ်မှတ်ပြီးရင် အမှုကို စီရင်ချက်ချတော့မှာပါ” ဟု ပြောသည်။
ယင်းအမှုကို ရင်ဆိုင်နေရသည်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး တရားသူကြီးက စီရင်ချက်ချချိန်တွင် မှန်ကန်သော စီရင်ချက်ချမှတ်ရန် မျှော်လင့်သည့်ဟု မုဒိန်းမှု ကျူးလွန်ခံရသူ ပထမတန်းကျောင်းသူ၏ မိခင်ဖြစ်သူက ပြောသည်။
မိခင်ဖြစ်သူက “ကျွန်မကတော့ ထိုက်သင့်တဲ့ပြစ်ဒဏ် ချမှတ်ပေးဖို့မျှော်လင့်ပါတယ်။ ဒီတရားရင်ဆိုင်နေရတဲ့ ကာလအတွင်းအလုပ်အကိုင်ပစ်ပြီး အမှုရင်ဆိုင်ရတာမျိုးတွေ ရှိတဲ့အတွက် ငွေကြေးအခက်အခဲလည်း ဖြစ်နေ ပါတယ်”ဟုပြောသည်။
အမှုဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် သြဂတ်လ ၁၀ ရက်က အဓမ္မပြုကျင့်သည်ဟု စွဲချက်တင်ခံထားရသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသားက ၎င်း၏မြေးဖြစ်သူ မွေးနေ့တွင် မုန့်လာရောက်စားသောက်ရန် ကလေးငယ်ကို နှစ်ကြိမ်တိုင် လာခေါ်ခြင်းကြောင့် ထိုအမျိုးသားနှင့်အတူ ကလေးငယ်ကို ထည့်ပေးလိုက်ရာမှ အဓမ္မ ကျင့်ခံရခြင်းဖြစ်သည်ဟု ကလေးငယ်၏ မိခင်ဖြစ်သူကပြောသည််။
ရန်ကုန်တိုင်းအတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ မုဒိန်းမှု ၁၁၀ ဖြစ်ပွားခဲ့ပြီး ယင်းအနက် ထက်ဝက်ကျော်မှာ သက်ငယ်မုဒိန်းမှုများ ဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စာရင်းများအရ သိရသည်။
တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် ဖော်ပြထားသော စာရင်းဇယားများအရ ဆယ်နှစ်အောက် ကလေးငယ်အကြမ်း ဖက်ခံရမှုများတွင် ဖခင်အရင်းက ကျူးလွန်မှု တစ်မှု၊ ပထွေးဖြစ်သူ ကျူးလွန်မှု ခြောက်မှုနှင့် အစ်ကိုအရင်းဖြစ်သူက ကျူးလွန်မှု တစ်မှုရှိသည်ဟု မုဒိန်းမှု စာရင်းများ၌ ဖောြ်ပထားသည်။
ကလေးသူငယ် အဓမ္မပြုကျင့်ခံရမှုများကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး ဥပဒေတစ်ရပ် သီးသန့်ပေါ်ထွက်လာစေရန်နှင့် အသက်မပြည့်သည့် ကလေးအား ကျူးလွန်သူကို သေဒဏ်ချမှတ်ရန် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြီးခဲ့သည့်နှစ်က လွှတ်တော်တွင် အရေးဆိုခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။