အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်လှုပ်ရှားနေသည့် ကျောင်းသားများ၏ လှုပ်ရှားမှုကို လေးလေး နက်နက် ထောက်ခံ သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက လှည်းတန်းကုန်းကျော်တံတားအောက်ရှိ ထိုင်သပိတ်တွင် နိုဝင်ဘာ ၁၅ ရက် ညနေ ၄ နာရီခန့်က လာရောက်ဟောပြောခဲ့သည်။
"လေးလေးနက်နက် ထောက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့ခွင့်ရရေး၊ အမျိုးသားပညာရေးဥပဒေ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ဖြစ်ရေး ဒီလှုပ်ရှားမှုကို ထောက်ခံတယ်။"ဟု ကိုမြအေးက ပြောသည်။
ကျောင်းသားများက နေ့လည်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း သွားရောက်ခဲ့ပြီး ထိုင်သပိတ် ဆင်နွဲခဲ့သေးသည်။ ထိုမှတစ်ဆင့် လှည်းတန်းသို့ ချီတက်ကာ ကုန်းကျော်တံတား အောက်တွင် ထိုင်သပိတ် ဆက်လက်ဆင်နွဲခဲ့ခြင်း ဖြစ်သည်။
နံနက်ပိုင်းကလည်း ၈မိုင်လမ်းဆုံမှ လှည်းတန်းအထိ ချီတက် ဆန္ဒပြခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်တက္ကသိုလ်သို့ သွားခဲ့ခြင်းဖြစ်သည်။