မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပနေတဲ့ အာစီယံ ထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာ နေပြည်တော် MICT (၁) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူမျိုးတွေကို ရိုဟင်ဂျာ လူမျိုး အဖြစ် သုံးနုန်းခေါ်ဆိုသွားပြီး သူတို့ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူတွေ ဖြစ်ကြောင်း၊ သူတို့ကို လူ့အခွင့်အရေး စံချိန်စံညွန်းများနှင့် အကာအကွယ်ပေးရန်တောင်း ဆိုကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးမရှိဟု တရားဝင်ပြောဆိုထားပြီး မြန်မာ ပြည်သူလူထု အများစုက လက်မခံတဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို တရားဝင် သုံးစွဲသွားတဲ့ အပေါ် ရခိုင်တွေဘက်က ဘယ်လို အမြင်တွေ ရှိပါသလဲ။ ရခိုင်အမျိုးသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင် စမေးတော့ ခုလို ပြောပါတယ်။
“ ကမ္ဘာ့ကုလသမဂ္ဂက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေသော်၎င်း၊ နိုင်ငံတကာ အကြီးအကဲတွေက သော်၎င်း မြန်မာနိုင်ငံ အရေးကို ကြိုးပမ်းဆောင်ရွက်တဲ့အခါမှာ အဓိကအားဖြင့် မြန်မာနိုင်ငံမှာ အာဏာရှင် စနစ်ကနေ ဒီမိုကရစီစနစ်ကို ပြောင်းဖို့အရေး၊ ပြည်တွင်း စစ်ရပ်ဖို့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော် ဆောင်ဖို့ တိုင်းရင်းသားအချင်းချင်း သဟဇာတ ဖြစ်ပြီး ဖယ်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်ဖို့ ဒီကိစ္စတွေဟာ မြန်မာနိုင်ငံအတွက်အရေးကြီးတယ်။ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက်လည်း ဒီကိစ္စတွေ အရေးကြီးတယ်။ ဒါတွေကိုမပြောဘဲနဲ့ ဒီဘင်္ဂလီကိစ္စကိုပဲ အဓိကထားပြီး တိုက်တွန်း ပြောဆိုနေတာဟာ မြန်မာနိုင်ငံကို ကူညီဖို့ကြိုးပမ်းရာမရောက်ပဲ မြန်မာနိုင်ငံကို အနှောင့်အယှက် ပေးရာ ကျတယ်လို့ ပြောချင်တယ်။ နောက်တခုက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဟာ တရားဝင်မရှိ၊ သမိုင်းအရလည်း မရှိပါ။ မြန်မာနိုင်ငံ တိုင်းရင်းသားအရေးနဲ့ ပတ်သတ်ပြီး သမိုင်းဆိုင်ရာ အထောက်အ ထားရသော်၎င်း၊ ဥပဒေအရသော်၎င်း မြန်မာနိုင်ငံမှာမရှိ။ မရှိတဲ့ဟာတစ်ခုကို အရှိဖြစ်အောင် ဖန်တီး ပြောဆို ကြိုးပမ်းနေခြင်းဟာ ပြသနာကို ပိုမိုကြီးထွားစေတဲ့ အပြင် မြန်မာနိုင်ငံ ပြည်တွင်းရေးကို နှောင့်ယှက် ၀င်ရောက် ပတ်သတ်တယ်လို့ ပြောချင်ပါတယ်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ သူ့အမြင်ကို ခုလို ပြောပါတယ်။
“ ရခိုင်လူမျိုးတွေကလည်း မကြိုက်၊ နိုင်ငံတော်ကလည်း လက်မခံတဲ့ အသုံးအနုန်းကို သုံးနေတဲ့ဟာကို ကျွန်တော်တို့ ဘက်က တောက်လျှောက်စာရွက်စာတန်းတွေ၊ သမိုင်းအထောက်အထားတွေနဲ့ အမြဲတန်းကန့်ကွက် တုန့်ပြန် ခဲ့ပါတယ်။ နာမည် တစ်ခုကို ရယူလိုတာထက် နယ်မြေပိုင်နက်တစ်ခုကို ရယူလိုတဲ့ အတွက်၊ တိုင်းရင်းသား ဖြစ်လိုမူနဲ့ ရိုဟင်ဂျာ နာမည် ဆိုတာ နိုင်ငံရေးအရ ထွင်လုံးတစ်ခုသာ ဖြစ်တယ်ဆိုတာကို အမြဲတန်း ကျွန်တော်တို့ ဘက်က ပြောလာခဲ့ပါတယ်။ အဲသလို စိတ်ခံစားမှုနဲ့ သက်ဆိုင်တဲ့ ဒီစကားလုံးကိုသာသုံးစွဲပြီး ချဉ်းကပ်ဖို့ ကြိုးစားတာဟာ ပဋိပက္ခကိုသာ တိုးပွား လာလိမ့်မယ်လို့ ထင်ပါတယ်။ နိုင်ငံတကာ ခေါင်းဆောင်တွေ အနေနဲ့ ဘင်္ဂလီလူမျိုးတွေ အနေနဲ့ နိုင်ငံသား ဖြစ်မူကို အချိန်ကြာမြှင့်လာသည်နဲ့ အမျှ ရနိုင်ဆိုတဲ့ဘက်က လုပ်ကိုင်ကြဖို့ အားပေးသင့်ပါတယ်။ ဒေသခံတွေ မကြိုက်တဲ့ စကားလုံးသုံးပြီး ဖြေရှင်းဖို့ကြိုးစားတာဟာ ပိုပြီး အချင်းချင်းကြားမှာ နားလည်မှု လွဲပြီး ပဋိပက္ခသာပိုမို ရှည်ကြာ လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ဒီစကားလုံး အသုံးအနုန်းထက် ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေနှင့် အညီ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ နိုင်ငံသားဖြစ်မူကိုသာ အားပေးသင့်တယ်လို့ မြင်ပါတယ်။
ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ဦးဦလှစောကလည်း သူ့အမြင်ကို ယခုလို ပြောပါတယ်။
“ ဒီဝေါဟာရနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတစ်ရပ်လုံး- ရခိုင်သမိုင်းဆရာ အပါအဝင် လက်ခံနိုင်စရာ မရှိပါ။ နောက်တစ်ခုက ကျွန်တော်တို့သာမက မြန်မာနိုင်ငံက သမိုင်းဆရာတွေ၊ ဦးသိန်းစိန် ဦးဆောင်တဲ့ နိုင်ငံတော် အစိုးရက သော်၎င်း၊ ကျနော်တို့နဲ့ တွဲပြီး လုပ်ကိုင်နေကြတဲ့ တိုင်းရင်းသားတွေဖြစ်ကြတဲ့ ရှမ်း၊ ကရင်၊ကချင် နိုင်ငံရေး အင်အားစုကလည်း ဒီဝေါဟာရကို လက်မခံပါ။ ဒီဝေါဟာရသည် သမိုင်းရဲ့ ရေခံ မြေခံ တစ်ခုလည်း မရှိဘဲ လုပ်ကြံထားတာဘဲ ဖြစ်တဲ့ အတွက် လက်မခံဘူးဆိုတာ တစ်ပြည်လုံး ပြည်သူ တစ်ရပ်လုံးနီးပါးက ပြောထားပီးသား ဖြစ်ပါတယ်။ ဒီ ဘင်္ဂလီတွေရဲ့ ရသင့်ရထိုက်တဲ့ Citizenship ကိစ္စ၊ လူအခွင့်အရေးကိစ္စကို ကျွန်တော်တို့ ကန့်ကွက် နေတာမဟုတ်ပါ။ ကျွန်တော်တို့က သူတို့၏ တိုင်းရင်းသားဖြစ်မူသည် အလွန်တစ်ရာ အန္တရာယ်များတယ်။ နောက်လာမယ့် အကျိုးအဆက်က ဘယ်လို့ ဖြစ်လာမလဲ။ တိုင်းရင်းသား အသိအမှတ်ပြုလိုက်ရင် နောက်ကွယ်မှာ ဘယ်လိုအကျိုးဆက်တွေနဲ့ ဘယ်လို ဖြစ်လာမလဲဆိုတာကို ဘယ်သူမှ အာမ မခံနိုင်ပါ။ ကုလသမဂ္ဂကလည်း အာမ မခံနိုင်ပါ။ အိမ်ဖြူတော်ကလည်း အာမ မခံနိုင်ပါ။ အလွန်တစ်ရာ စိုးရိမ် ထိတ်လန့်စရာတွေ ရှိနေတဲ့ အတွက် ကျွန်တော်တို့က ကန့်ကွက်နေတာ ဖြစ်ပါတယ်။”
စစ်တွေမြို့မိမြို့ဖ တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းကတော့ ခုလို ဆိုပါတယ်။
“ ဘယ်လိုမြင်ရမှာလည်းဆိုရင် နံပါတ်(၁)က ဘန်ကီမွန်းလို အကြီးအကဲတစ်ယောက်က သံတမန် မဆန်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ နံပါတ် (၂) ကတော့ မြန်မာနိုင်ငံ အကြီးအကဲ သမ္မတ ကိုယ်တိုင်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ တိုင်းသိပြည်သိ ကမ္ဘာကိုပြောထားတာကို သူ (ဘန်ကီမွန်း)က ဒီစကားလုံးကို ထည့်သုံးတယ်လို့ဆိုကတည်းက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ကို မလေးမစားလုပ်တယ်လို့ ကျွန်တော်မြင်တယ်။ နောက်တချက်က သူပြောလိုက်တဲ့ စကားလုံး တလုံးဟာ တည်ငြိမ်နေစပြုနေတဲ့ ရခိုင်ပြည်နယ်အခြေအနေကို ပြန်ပြီး အခြေအနေ ရှုပ်ထွေးအောင် မီးမွေးပေးလိုက်တယ်လို့ ကျွန်တော်မြင်တယ်။”
စစ်တွေမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော် ကတော့ ခုလို ပြောဆိုပါတယ်။
ပွင့်ပွင်းလင်းလင်းပြောရရင် ယူအန်လို့အဖွဲ့အစည်းက နိုင်ငံတကာအဖွဲ့စည်းလို့ပြောပြီး နိုင်ငံတွေ ရဲ့ ပြည်တွင်းရေးကို စွက်ဖက်တယ်။ ပြောရရင် ကျွန်တော်တို့ မြန်မာတနိုင်ငံလုံးနဲ့ ပြောရရင် အဓိက တော့ ကျွန်တော်တို့ ရခိုင် တမျိုးသားလုံးကို စော်ကား စိန်ခေါ်တဲ့ ပုံသဏ္ဍာန်မျိုးနဲ့ လုပ်တယ်လို့ ကျွန်တော်တို့က သုံးသပ်ပါတယ်။ ဘန်ကီးမွန်းရဲ့ အသုံးအနှုန်းအပေါ် ကျွန်တော်တို့ ရခိုင်တမျိုး သားလုံး အနေနဲ့ လုံးဝကိုလက်ခံနိုင်စရာမရှိလို့ ကျွန်တော်တို့ ပြောလိုပါတယ်။
ရခိုင်အမျိုးသားကွန်ယက် (သံတွဲ) ဥက္ကဌ ကို စိန်ချစ်ကတော့ သူ့အမြင်ကို ခုလို ပြောပါတယ်။
မြန်မာနိုင်ငံမှာ မရှိဘူးလို့ တရားဝင် ကြေငြာထားတဲ့ နာမည်ကို ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ လာပြီး ပြောဆိုသွားတာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို လိုုက်နာမှုမရှိဘူး၊ မြန်မာနိုင်ငံကို လျှစ်လျှူ ရှုတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။
ရခိုင်ပြည်နယ်ထဲက နာမည်ကြီး စာရေးဆရာ စစ်တွေ ညိုသန့် သူ့အမြင်ကို ခုလို ဆိုပါတယ်။
“ နိုင်ငံတော် သမ္မတကလည်း မရှိလို့ပြောထားတယ်။ ရာဇဝင်သမိုင်း အစဉ်အလာအရလည်း မရှိတဲ့ နာမည်၊ အများပြည်သူကလည်း လက်မခံနိုင်တဲ့နာမည်ကို ထုတ်ပြောတာဟာ ကျွန်တော်အနေနဲ့ လက်မခံနိုင်တဲ့ ကိစ္စတခုပါ။ ပြသနာ ပြေလည်ရေးအတွက် အခွင့်အရေးမဖြစ်ဘဲ ပိုပြီးမီးတောက်ကို စုရုံးပေးတယ်လို့မြင်ပါတယ်။ သူ့အနေနဲ့ မပြောအပ်ဘူးလို့ ကျွန်တော်မြင်တယ်” လို့ ဆိုပါတယ်။