မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ကုန်ပိုင်းတွင် ကျင်းပရန် မျှော်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲကြီး အတွက် ကုလသမဂ္ဂမှ အပြည့်အဝကူညီရန် ပြင်ဆင်ထားသည်ဟု အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၃ရက်က နေပြည်တော်ရှိ MICCတွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ ပြောကြားသည်။
၎င်းက ''ကုလက အရေးကြီးတဲ့ လာမည့်နှစ်ရွေးကောက်ပွဲမှာ နည်းပညာ၊ လောဂျစ်စတစ်ကိစ္စတွေမှာ အပြည့်အဝ ကူညီဖို့ ပြင်ဆင်ထားပါတယ်''ဟု ပြောကြားခဲ့သည်။
၎င်းသည် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ အပြီး နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်း ဗဟိုဌာန(၁)တွင် ကျင်းပသည့် မီဒီယာ အချို့နှင့် တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၁၅ ရွေးကောက်ပွဲကို လာမည့်နှစ်နှောင်းပိုင်း တွင် ကျင်းပရန် မျှော်မှန်းထားသည်ဟု ပြောဆိုထားသည်။
သို့သော် ၎င်းက ကူညီပေးမည့် အသေးစိတ်အချက်အလက်များနှင့် မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းထားခြင်းရှိ၊ မရှိ စသည့် အချက်အလက်များကိုမူ မပြောကြားခဲ့ပေ။
ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ အစပျိုးနေသည့် ပြည်သူများပါ၀င်သည့် ပြုပြင်ပြောင်းလဲရေးကို ကူညီလျက်ရှိသော်လည်း စိန်ခေါ်မှုများ ရှိနေသေးသည်ဟု ၎င်းက ပြောကြားသည်။
၎င်းက ''စိန်ခေါ်မှုတွေရှိနေသေးတာ ဝန်ခံရပါမယ်၊ ဒါကို ပြည်သူတွေရဲ့စည်းလုံးညီညွတ်မှုနဲ့ ကျော်လွှား ရပါမယ်'' ဟုလည်း အကြံပြုသည်။
ထို့ပြင် နိုင်ငံရေး ဆွေးနွေးမှုများသည်လည်း ပြည်သူများ၏ အမြင်ကို အပြည့်အဝနှင့် မှန်မှန်ကန်ကန် ထင်ဟပ်ရန် လိုအပ်သည်ဟုလည်း ထောက်ပြခဲ့သည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအနာဂတ်အတွက် လွန်စွာအရေးကြီးသည့်အတွက် ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်ရန်လည်း ယမန်နေ့က ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက တိုက်တွန်းထားသည်။