ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေဖြင့် ပြုလုပ်မည့် လူထုဗဟိုပြု စီမံကိန်းအတွက် ပဲခူးတိုင်းက ဦးစားပေး မြို့နယ်သုံးမြို့နယ် ရွေးချယ်

ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေဖြင့် ပြုလုပ်မည့် လူထုဗဟိုပြု စီမံကိန်းအတွက် ပဲခူးတိုင်းက ဦးစားပေး မြို့နယ်သုံးမြို့နယ် ရွေးချယ်
by -
မဇ္စျိမ

ပဲခူးတိုင်းတွင် ကမ္ဘာ့ဘဏ်၏ ကူညီထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်မည့် လူထုဗဟိုပြု စီမံကိန်းနယ်မြေ အဖြစ် ဦးစားပေး နယ်မြေသုံးခုကို နိုဝင်ဘာ ၁၁ ရက်တွင် မြို့နယ် ၂၈ မြို့နယ် ကိုယ်စားလှယ်များ စုပေါင်းပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ က ရွေးချယ်လိုက်သည်။

၂၀၁၅-၁၆ ခုနှစ်တွင် အကောင်အထည်ဖော်မည့် လူထုဗဟိုပြု စီမံကိန်းနှင့် ပတ်သက်ပြီး ပဲခူးတိုင်းအတွင်းရှိ မြို့နယ်တစ်ခုကို ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ငွေဖြင့် စီမံကိန်းများ ဆောင်ရွက်မည်ဖြစ်ရာ မိုးညိုမြို့နယ်၊ ကျောက် ကြီးမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ သဲကုန်းမြို့နယ် နှင့် ရွှေကျင်မြို့နယ် ငါးခုကို နိုဝင်ဘာ၁၁ရက် က ရွေးချယ်ခဲ့ သည်။

ပဲခူးမြစ်ရေလျှံတက်မှုကြောင့် ပဲခူးမြို့အဝင်ဝရှိ ရေလွှမ်းမိုးနေသည့် ဘတ်ကားမှတ်တိုင်တစ်ခုအား ၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ယင်းမြို့နယ်ငါးခုထဲမှ ပထမဦးစားပေးမြို့နယ်အဖြစ် မိုးညိုမြို့နယ်ကို လည်းကောင်း၊ ဒုတိယ ဦးစားပေးမြို့ နယ်အဖြစ် ကျောက်ကြီးမြို့နယ်ကို လည်းကောင်း၊ တတိယဦးစားပေးမြို့နယ်အဖြစ် ပန်းတောင်းမြို့နယ်ကို လည်းကောင်း ထိုအလုပ်ရုံဆွေးနွေးပွဲတွင် ရွေးချယ်ခဲ့သည်။

အဆိုပါ ရွေးချယ်လိုက်သည့် ပဲခူးတိုင်းဝန်ကြီးချုပ် ပြန်လည်စီစစ်၍ မြို့နယ်တစ်ခုချင်းစီအပေါ် ဝန်ကြီးချုပ်မှတ် ချက်ပြုထာသည့် မှတ်တမ်းကို နိုင်ငံခြားအကူအညီ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ တစ်ဆင့် ကမ္ဘာဘဏ်ထံ ပြန် လည်တင်ပြရမည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်က ကန့်ကွက်ရန်မရှိဟု သတ်မှတ်သည့် မြို့နယ်ကို ကမ္ဘာ့ဘဏ် ၏ ငွေကြေးထောက်ပံ့မှုဖြင့် စီမံကိန်းမြို့နယ်အဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ စီမံကိန်းမြို့နယ်အဖြစ် ရွေးချယ်ရာတွင် ဆင်းရဲမွဲတေမှု၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးတို့တွင် အနိမ့်ဆုံးအဆင့်ရှိနေသည့် မြို့နယ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွေးချယ်ထားသည့် မြို့နယ် ငါးခုမှ ၂၀၁၅ခုနှစ် ဇန်နဝါရီလတွင် စီမံကိန်းဆောင်ရွက်မည့် မြို့နယ်ကို အပြီးသတ်ရွေးချယ်မည်ဖြစ်ပြီး ယင်းမြို့နယ်ကို ၂၀၁၅ခုနှစ် နိုဝင်ဘာလ၌ စီမံကိန်းလုပ်ငန်းများကို စတင်လုပ်ဆောင်မည် ဖြစ်သည်။

ရွေးချယ်ခံရသည့် မြို့နယ်သည် ကမ္ဘာဘဏ်က ထောက်ပံ့ပေးမည့် စီမံကိန်းနယ်မြေအဖြစ် သုံးနှစ်စာ ထောက်ပံ့ငွေရရှိမည်ဖြစ်ပြီး မြို့နယ်အတွင်း စီမံကိန်းလုပ်ငန်းများကို လူထုကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးခန့်ဇော် "မနှစ်က ရန်ကုန်တိုင်းက ထန်းတပင်မြို့နယ်ကို တစ်နှစ်ကို ကျပ်သန်း ၁၅၀၀ နှုန်းနဲ့ သုံးနှစ်စီမံကိန်းငွေကျပ် သန်း ၅၀၀၀ နီးပါးဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ထောက်ပံ့ငွေရခဲ့တယ်။ ပဲခူးတိုင်းမှာ လည်း ရွေးချယ်ခံတဲ့ မြို့နယ်ကို စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ဖို့ ကျပ်သန်း၅၀၀၀လောက် ထောက်ပံ့ငွေရရှိမှာပါ။ တွက်ချက်ရဦး မယ်။ ကျေးရွာအုပ်စုက လူဦးရေ အနည်းအများပေါ်မူတည်ပြီး ထောက််ပံ့ငွေ ကွာသွားပါမယ်" ဟု ပြောသည်။

ရွေးချယ်ခံရသည့် မြို့နယ်သည် လူထုဗဟိုပြုစီမံကိန်းကို သုံးနှစ်ဆောင်ရွက်ရမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တစ်ခုခြင်းစီကို ထောက်ပံ့ပေးမည်ဖြစ်သည်။

အဆိုပါ ကျပ် သန်း ၅၀၀၀ ၀န်းကျင်မှ တစ်နှစ်လျှင် လူဦးရေ ၃၀၀၀အောက်ရှိ ကျေးရွာအုပ်စု တစ်စုအတွက် ကျပ် သိန်း၂၀၀၊ လူဦးရေ ၃၀၀၀မှ ၅၀၀၀ အထိရှိသော ကျေးရွာအုပ်စုတစ်စုအတွက် ငွေကျပ် သိန်း ၄၀၀ ၊ လူဦးရေ ၅၀၀၀ မှ ၉၀၀၀ ရှိသည့် ကျေးရွာ အုပ်စုတစ်စုအတွက် သိန်း ၆၀၀ နှင့် လူဦးရေ ၉၀၀၀ အထက်ရှိ ကျေးရွာအုပ်စု တစ်စုအတွက် ကျပ်သိန်း ၁၂၀၀ ကို သုံးနှစ်ဆက်တိုက် ရရှိမည်ဖြစ်သည်။

Most read this week