မြန်မာအင်ဂျင်နီယာများ အာဆီယံစံနှုန်း အသိအမှတ်ပြုလက်မှတ်ရှိမှသာ အဆောက်အဦးများ ဆောက်ခွင့် ရတော့ မည်ဟု ဆို

မြန်မာအင်ဂျင်နီယာများ အာဆီယံစံနှုန်း အသိအမှတ်ပြုလက်မှတ်ရှိမှသာ အဆောက်အဦးများ ဆောက်ခွင့် ရတော့ မည်ဟု ဆို
by -
မဇ္စျိမ

အာဆီယံစံနှုန်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးတော့မည် ဖြစ်ပြီး အဆိုပါ လက်မှတ်ရှိမှသာ အဆောက်အဦးဆောက်လုပ်ခွင့်ရှိမည်ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက မဇ္စျိမကို ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်တွင်ပြုလုပ်သော အာဆီယံ အင်ဂျင်နီယာများ တွေ့ဆုံပွဲ ဖွင့်ပွဲအခမ်းအနား အပြီးတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန်လမ်းမကြီးရှိ Capital Development Limited မှ ဆောက်လုပ်လျှက်ရှိသော The Gems Garden Condominiums ဆောက်လုပ်နေသည့် လုပ်ငန်းခွင်အတွင်း အလုပ်သမားများအား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မျိုးမင်း၊ မဇ္ဈိမ)

“မြန်မာနိုင်ငံက အာဆီယံ နိုင်ငံတွေထဲမှာ ပါလာပြီဆိုတော့ အာဆီယံ အင်ဂျင်နီယာတွေလိုပဲ ဖြစ်အောင် လုပ်ဆောင်ရတော့မယ်။ ဒါ့ကြောင့် အင်ဂျင်နီယာကောင်စီ နည်းဥပဒေထွက်ပြီးရင် အဲ့ဒီ ကနေ Professional အင်ဂျင်နီယာ လက်မှတ်ထုတ်ပေးပါတယ်။ အဲ့လက်မှတ် ရှိတဲ့သူသာလျှင် အဆောက်အဦးတွေ၊ တံတားတွေ၊ စက်ရုံတွေ လုပ်ခွင့်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အင်ဂျင်နီယာကောင်စီ ဥပဒေအရ ယခင်က ရန်ကုန်မြို့တော်စည်ပင်မှ ထုတ်ပေးသည့် အသိအမှတ်ပြု လက်မှတ်သာရှိပြီး ယခုအခါတွင် အင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်းကာ အာဆီယံ အဆင့်မီစံနှုန်း သတ်မှတ်ချက်ပါ၀င်သော လက်မှတ် ထုတ်ပေးသွားမည်ဖြစ်သည်။

ယင်းလက်မှတ်သည် အာဆီယံစံချိန်စံညွန်းနှင့် စစ်ဆေးထားသည့် လက်မှတ်ဖြစ်သည့် အတွက် အာဆီယံ ၁၀ နိုင်ငံအတွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ လက်ရှိတွင် အဆိုပါ အသိအမှတ်ပြု လက်မှတ်ကို မည်သည့်အချိန်တွင် ထုတ်ပေးသွားမည်ကိုမူ မသတ်မှတ်ရသေးကြောင်း ဦးတင်မောင်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ နာယက ဦးညီလှငယ်က “လက်ရှိမှာ မြန်မာအင်ဂျင်နီယာတွေရဲ့ စိန်ခေါ်မှုကတော့ အာဆီယံနိုင်ငံအချို့မှာ သုံးနေတဲ့ နောက်ဆုံးပေါ်နည်းပညာတွေ မရှိသေးဘူး။ ဒါ့ကြောင့် အာဆီယံအသိုက်အဝန်းမှာ အားလုံးရင်ပေါင်တန်းနိုင်ဖို့ အာဆီယံနိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် Professional Engineer အယောက် ၁၈၀ ခန့်သာ ရှိနေပြီး အဆိုပါ အရေ အတွက်သည် နိုင်ငံအနေနှင့် နှိုင်းယှဉ်ကြည့်ပါက အရည်အသွွေးပြည့်မီသော အင်ဂျင်နီယာများ လွန်စွာ နည်းပါးနေသေးသည်ဟု အင်ဂျင်နီယာအသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မြင့်က ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ စ၍ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့သော်လည်း အရည်အသွးပိုင်းတွင် ယနေ့အထိ အားနည်းချက်များ ရှိနေသေးကြောင်း၊ သို့သော် ပြီးခဲ့သည့် နှစ်များအတွင်းတွင် အဆောက် အဦးလုပ်ငန်းများမှ ဂျီဒီပီ ၃ ဒသမ ၅ ဘီလီယံရရှိခဲ့ပြီး မြန်မာနိုင်ငံဂျီဒီပီ အတိုးတက်ဆုံး ကဏ္ဍလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်တွင်  ဂျီဒီပီ ၄ ဒသမ ၂ဘီလီယံအထိ တိုးတက် နိုင် ရန် မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။