ရေးမြို့နယ်တွင် ဇီဝစိုးဌက် မွေးမြူရေး လုပ်ငန်းများ အောင်မြင်လာ

ရေးမြို့နယ်တွင် ဇီဝစိုးဌက် မွေးမြူရေး လုပ်ငန်းများ အောင်မြင်လာ
by -
မဇ္စျိမ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် ယခုနှစ်အတွင်း ဇီးဝဇိုးငှက်များ သဘာဝအလျောက် အိမ်တွင်း လာရောက်ခိုအောင်းရာမှ ဖန်တီးမွေးမြူသည့် လုပ်ငန်းများကို လုပ်ဆောင်လာကြပြီး အောင်မြင်ဖြစ်ထွန်းမှုအချို့ ရှိကြောင်း သွားရောက်လေ့လာမှုအရ သိရသည်။

ဇီဝဇိုးငှက်များ သဘာဝအလျောက် လာရောက်ခိုအောင်းသည့် အိမ်ရှင် ကိုသောင်းမြင့်ဦး က “ကျွန်တော်တို့ အိမ်က လူမနေဘူး။ ပိတ်ထားတယ်။ ကောင်လေးတစ်ယောက်က လာပြောပြတယ်။ အိမ်မှာ အဲဒီငှက်ဝင်နေတယ်။ သူက ဘိတ်ဘက်မှာ လှေလိုက်ဘူးတော့ အဲဒီငှက်မှန်း သိတယ်။ သွားဝင်ကြည့်တော့ အသိုက် ခြောက်ခုကို တွေ့တယ်” ဟု ပြောသည်။

Bird-house

လက်ရှိတွင် သူ၏ အိမ်၌ ငှက်သိုက်ပေါင်း တစ်ရာကျော် အသိုက်ဆောက်ထားပြီး လစဉ် ခွာယူလျက် ရှိကာ၊ စုစုပေါင်း ငှက်သိုက် ၈၅ ကျပ်သားခန့်ကိုလည်း ခွာယူရရှိပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

အစင်ကျေးရွာ ဗိုလ်ချုပ်လမ်းနှင့် အောင်ဇေယျလမ်းထောင့်ရှိ သူ၏ နေအိမ်တွင် သဘာဝအလျောက် ဇီဝဇိုးငှက်များ လာရောက်ခိုအောင်း အသိုက်လုပ်ရာမှ အစင်နှင့် ဓမင်းဆိပ်ကျေးရွာများတွင်လည်း ငှက်များ လာရောက်ခိုအောင်းရန် ဖန်တီးထားသည့် အဆောက်အအုံတွင် ငှက်သံတုများ ထုတ်လွှတ် ကာ ခေါ်ယူမွေးမြူသည့် လုပ်ငန်းများကို လုပ်ကိုင်လာကြသည်။

လက်ရှိတွင် အစင်ကျေးရွာ၌ ဖန်တီးထားသည့် ငှက်မွေးအဆောက်အအုံ ၅ လုံးနှင့် ဓမင်းဆိပ် ကျေးရွာ၌ ၃ လုံး ရှိကာ ဓမင်းဆိပ်ကျေးရွာမှ ဦးမျိုးညွန့် ခေါ် ဦးဖိုးအို ၏ အိမ်တွင်လည်း အောင်မြင်ဖြစ် ထွန်း နေသည်။

ဦးမျိုးညွန့် က “ကျွန်တော် စမွေးတာ ခြောက်လ ရှိပြီ။ မွေးပြီး နှစ်လလောက်မှာ ငှက်စဝင်တယ်။ အခုဆို ငှက်သိုက် ၁၆ ခု ရပြီ” ဟု ပြောသည်။

ဦးမျိုးညွန့်၏ မွေးမြူရေး အဆောက်အအုံမှ နံနက် ၆ နာရီမှ ၁၀ နာရီထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီထိ တစ်ကြိမ် အသံချဲ့စက်ငယ် (Sound Box) ဖြင့် ငှက်သံတုများ ထုတ်လွှတ်ခေါ်ယူလျက် ရှိပြီး။ ငှက်များ လာရောက်ခိုအောင်းခြင်း မရှိသေးသည့် အဆောက်အအုံများတွင် တစ်နေ့ပတ်လုံး တုတ်လွှတ်ထားသည်ကို တွေ့ရသည်။

ဇီဝဇိုးငှက်များသည် ပင်လယ်နှင့် နီးပြီး၊ အေး၍ ခြောက်သွေ့သည့် အမှောင်ခန်းကို ကြိုက်နှစ်သက်ကာ၊ အင်္ဂတေယက်မများတွင် အသိုက်ဆောက်ကြသည်။ သဘာဝအလျောက် လာရောက်ခိုအောင်းသည့် ဇီးဝဇိုးငှက်သည် ဖန်တီးမွေးမြူသည့် ငှက်ထက် လူကို ကြောက်လန့်ခြင်း နည်းကြောင်း မွေးမြူသူများက ပြောသည်။

ဇီးဝဇိုးငှက်မသည် ဥမဥမီအချိန်တွင် ငှက်ဖိုက ပါးစပ်အတွင်းမှ အမြှုပ် (တံတွေးဂလင်း) များဖြင့် အသိုက်ဆောင်ပေးကြပြီး၊ ငှက်ငယ်များ အတောင်စုံပျံသန်းသွားချိန်တွင် ငှက်သိုက်ကို ခွာယူကြကာ သန့်စင်ရောင်းချကြသည်။

ငှက်သိုက်ကို လူများက ခွန်အားဖြစ်စေသည့် အာဟာရအဖြစ် မှီဝဲကြပြီး၊ အချို့မှာ ဆေးဖော်စပ်၌လည်း အသုံးပြုကြသည်။ ငှက်သိုက် ၃ ခွက်သည် နှစ်ကျပ်သားဝန်းကျင် အလေးချိန် ရှိပြီး၊ တစ်ကျပ်သားလျင် တစ်သောင်းခုနှစ်ထောင်ကျပ်ဖြင့် ဒေသတွင်း ရောင်းချလျက် ရှိသည်။

ဇီဝဇိုးငှက် မျိုးကွဲပေါင်း ၁၇ မျိုးခန့် ရှိပြီး၊ မြန်မာနိုင်ငံတွင် ငှက်သိုက်အဖြူ ထွက်သည့် Collocalia Fuciphage မျိုးနှင့် ငှက်သိုက်အမည်း ထွက်သည့် Collocalia Maxima မျိုး နှစ်မျိုးကို အဓိကတွေ့ရှိရသည်ဟု ငှက်ပညာရှင်များက ပြောသည်။

ယခု ရေးမြို့နယ်အတွင်း တွေ့ရှိရသည့် ဇီဝဇိုးငှက်မှာ ငှက်သိုက်အဖြူ ထွက်သည့် Collocalia Maxima မျိုး ဖြစ်သည်။