အငြင်းပွားဖွယ် လယ်ယာပိုင်ဆိုင်မှု အတွက် မွေး/ရေဝန်ကြီးက တောင်သူတစ်ဦးကို တရားစွဲ

အငြင်းပွားဖွယ် လယ်ယာပိုင်ဆိုင်မှု အတွက် မွေး/ရေဝန်ကြီးက တောင်သူတစ်ဦးကို တရားစွဲ
by -
မဇ္စျိမ

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ၀န်းကျင် ခန့်ကတည်းက သဲနှုန်းမြေ ၂၆ ဧကကို ဓားမဦးချလုပ်ကိုင်ခဲ့သော အိမ်ထောင်ဦးစီး မရှိသည့် တောင်သူ အမျိုးသမီးအား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က တရားလိုပြု၍ တရားစွဲ ဆိုထားသဖြင့် နို၀င်ဘာ ၁၈ ရက်တွင် အမှုရင်ဆိုင်ရန် ဒက္ခိဏခရိုင် တရားရုံးက အကြောင်းကြားထား သည်ဟု ကာယကံရှင် ဒေါ်ရင်မြက ပြောသည်။

တရားစွဲဆိုခံထားရသူ အသက် ၅၄ နှစ်အရွယ်ဒေါ်ရင်မြက “ကျွန်မ ၁၉၈၂ ခုနှစ် ကတည်းက လုပ်ကိုင် လာတာပါ။ အစိုးရကို သီးနှံရောင်းချတဲ့ စာအုပ်လည်း ရှိပါတယ်။ ၂၀၀၅ ခုနှစ်က လယ်ဝေးမြို့နယ် တောင်သူ တစ်ဦးချင်း လုပ်ကိုင်ခွင့်ရမြေနဲ့ ကုန်ထုတ် မှတ်တမ်းတွေ လည်းရှိပါတယ်” ဟု မီဒီယာများကို ပြောသည်။

mizzima10

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် (တရားလို)က ဒက္ခိဏခရိုင်တရားရုံးသို့ အဆိုလွှာတင်ပြရာတွင် တရားလိုလုပ်ပိုင်ခွင့် ရှိသော မြေလွတ်မြေရိုင်း ဧရိယာအတွင်း ၂၀၁၂ ခုနှစ်က တောရှင်းခုတ်ထွင်ခြင်း၊ အရိပ်ရ ပင်စိုက်ပျိုးခြင်းနှင့် ကွန်ကရစ်တိုင် များစိုက်ထူကာ မြေနယ်နိမိတ်ကို ကာရံပါ သည်ဟူသော အချက်တို့ပါ ၀င်သည်။

တရားလို လုပ်ပိုင်ခွင့်ရရှိထားသော မြေနယ်နိမိတ်သို့ ၂၀၁၄ ခုနှစ်၊ ဇွန်လ အတွင်းက တရားပြိုင် ဒေါ်ရင်မြမှ ကျူးကျော်ဝင်ရောက်ပြီး တရားလိုထူထောင် စိုက်ပျိုးထားသည့် သီးနှံပင်တို့ကို ထွန်ယက်ဖျက်ဆီး၍ နှမ်း ကြဲ ပဲစိုက်စသည်ဖြင့် ကျူးကျော် ဝင်ရောက်ခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။

ဒေါ်ရင်မြက “၂၀၁၄ ခုနှစ် မတ်လ ရောက်တဲ့အထိ စီမံကိန်းတွေ သီးနှံစိုက်တာတွေ ခြံစည်းရိုးခတ် တာ တွေမရှိတဲ့အတွက် မြို့နယ်မြေယာကော်မတီနဲ့ ဗဟိုမြေယာ ကော်မတီတွေကို လုပ်ကိုင်ခွင့်စာတင်ပြီး ယနေ့အထိ စိုက်ပျိုးလုပ်ကိုင်နေတာပါ” ဟု စိုက်ပျိုးထားသော ပဲတီစိမ်းပင်များ၊ ပဲခင်းများနှင့် ကြံခင်းများ ကိုပြ၍ ပြောသည်။

၂၀၁၂ ခုနှစ်တွင် ဗိုလ်ချုပ်အုန်းမြင့် (ယခု မွေးရေဝန်ကြီး ဦးအုန်းမြင့်) တပည့် ဆိုသူ ဦးလှထွန်းက ဒေါ်ရင်မြ လုပ်ကိုင် နေသောမြေတို့ကို သိမ်းဆည်းလိုက်ပြီး ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ချနိုင်ကြောင်း ခြိမ်းခြောက်ခံခဲ့ရ သဖြင့် နှစ်နှစ်ခန့် ယာမလုပ်ကိုင်ခဲ့ရကြောင်း လည်း ဒေါ်ရင်မြက ဖြည့်စွက်ပြောသည်။

လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်အုပ်စုအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဒေါ်ရင်မြလုပ် ကိုင်နေသော စိုက်ပျိုးမြေများ အတွက် လျော်ကြေးကိစ္စ ညှိနှိုင်းမှုများရှိခဲ့သော်လည်း အခြားတစ်ဖက်မှ အကြောင်းပြန်ကြားခြင်းမရှိဘဲ ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း စိုက်ပျိုးမြေကပ်လျက် လုပ်ကိုင်သူ ဦးအေးသောင်က ဆိုသည်။

ပေါက်မြိုင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထူးက “ဒေါ်ရင်မြက ဓားမဦးချ လုပ်ကိုင်ခဲ့တာပါ။ နောက်တစ်ခုက ပိုင်ဆိုင်မှု အထောက်အထားတွေလည်း ရှိနေတယ်” ဟု မီဒီယာများသို့ ဖုန်းဖြင့် အတည် ပြုဖြေကြား သည်။

ဒေါ်ရင်မြဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မည့် ပျဉ်းမနားမြို့မှ ရှေ့နေကြီး ဦးခင်မောင်ဇော် က ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်စွဲဆိုထားသော အမှုအတွက် လေ့လာနေပြီး လာမည့် ၁၈ ရက်တွင် စတင်၍ အမှုရင်ဆိုင်မည်ဟု ပြောသည်။