နေပြည်တော် ကေတီဗီနှင့် အနှိပ်ခန်းအချို့ ပြည်ထဲရေးညွှန်ကြားချက် မလိုက်နာ

နေပြည်တော် ကေတီဗီနှင့် အနှိပ်ခန်းအချို့ ပြည်ထဲရေးညွှန်ကြားချက် မလိုက်နာ
by -
မဇ္စျိမ

နေပြည်တော်ကောင်စီနယ်မြေ ရှစ်မြို့နယ်တွင် ကေတီဗီနှင့် အနှိပ်ခန်းများကို နိုဝင်ဘာလ ၁ ရက်မှစ၍ ခေတ္တပိတ်ထား ရန် ပြည် ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားသော်လည်း အချို့သောဆိုင်များ ဖွင့်လှစ်နေဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းရပ်ကွက်နေ ဒေသခံတစ်ဦးက “ကျွန်တော်တို့နားက ဆိုင်တစ်ဆိုင် မနေ့ည တစ်ညလုံးဖွင့်တယ်၊ ဒါပေမယ့်အရာရှိတစ်ယောက် ကို ဂုဏ်ပြုပွဲလုပ်တာလို့တော့ ပြောတယ်” ဟု မဇ္စျိမကို ပြောသည်။

ထိုသို့ဖွင့်လှစ်ရာတွင်စစ်ဖက်၊ အရပ်ဖက်မှ အချို့သောအရာရှိများ၏ မွေးနေ့ပွဲ၊ ဂုဏ်ပြုပွဲ၊ နှုတ်ဆက်ပွဲ စသည့် ခေါင်းစဉ်များတပ်ကာ ညလုံးပေါက် ဖွင့်လှစ်ခြင်း သည် ညွန်ကြားချက်အား အစိုးရဝန်ထမ်းများ ကိုယ်တိုင် ချိုးဖောက်ရာ ရောက်နေကြောင်းလည်း ဒေသခံများက ဆက်လက်ပြောသည်။

အဆိုပါ ဒေသခံက "ဒါကတော့ ညွန်ကြားချက်ကို လက်တစ်လုံးခြားလုပ်တာပဲဗျ’’ ဟု ဆိုသည်။

ကေတီဗီနှင့် အနှိပ်ခန်းများကို ရာဇဌာနီလမ်းဘေး ဝဲယာတစ်လျှောက်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့ နယ်၊ ရွှေကြာပင်စသည့် နေရာများတွင် ဖွင့်လှစ်မှုများ ရှိ သည်ဟု ဒေသခံများက ပြောသည်။

ပျဉ်းမနားဒေသခံ အငြိမ်းစားရဲအရာရှိတစ်ဦးက "ဆိုင်တွေပိတ်ခိုင်းတာက အကြမ်းဖက်သမားတွေ က ကေတီဗီလိုအနှိပ်ခန်းလိုနေရာမျိုးမှာညပိုင်းမှာဝင်ရောက်   နေထိုင်ပြီးတော့ အကြမ်းဖက်မှု ကျူးလွန်မှာစိုးလို့လုပ်တာ၊ ဒီတော့ ညွန်ကြားချက်လည်း အလကားဖြစ်တယ်၊ လုံခြုံရေးထိခိုက်ရင်မကောင်းဘူး’’ ဟု ဆိုသည်။

နိုဝင်ဘာ ၉ရက်မှ ၁၃ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးရှိနေ ၍ ကေတီဗီများနှင့်အနှိပ်ခန်းများကိုလုံခြံုရေးအခြေအနေ အရ ခေတ္တပိတ်ထားရန် ပြည်ထဲရေး ဝန်ကြီးဌာနက ညွှန်ကြားထားခြင်းဖြစ်သည်။ ယင်း အာဆီယံ ထိပ်သီးအစည်းအဝေး၌ အမေရိကန် သမ္မတအိုဘားမားအပါ အဝင် နိုင်ငံ့ထိပ်သီးခေါင်းဆောင်များ လာတက်မည်ဖြစ်၍ နေပြည်တော် ကောင်စီနယ်မြေအတွင်း လုံခြံုရေးကိုလည်း အထူး တင်ကျပ်ထားသည်။

Most read this week