အာဆီယံအစည်းအဝေးရက်နှင့် တိုက်နေသည်ဟုဆိုကာ မြို့နယ် အာဏာပိုင်များက တားမြစ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို မူလသတ်မှတ်နေရာ ခဝဲခြံ မျက်မမြင်ကျောင်းတွင် မလုပ်တော့ဘဲ နိုဝင်ဘာ ၁၂ရက်နှင့် ၁၃ရက်တွင် နာရေးကူညီမှုအ သင်း(ရန်ကုန်) အစည်းအဝေးခန်းမတွင် ပြောင်းရွှေ့ပြုလုပ် သွားမည်ဖြစ်သည်။
"တစ်နိုင်ငံလုံးက ကျောင်းသားသမဂ္ဂတွေပါ၀င်မှာဖြစ်ပါတယ်။ အမျိုးသားပညာရေးဥပဒေကို ကျောင်းသား သမဂ္ဂတွေက တောက်လျှောက်ကန့်ကွက်ခဲ့ပါတယ်။ အခုတစ်ကြိမ်အစည်းအဝေးမှာတော့ ကျောင်းသား သမဂ္ဂတွေအားလုံးရဲ့ သဘောထားကို ကောက်ယူမှာပါ။ ဘာဆက်လုပ်ကြမယ်ဆိုတာက တော့ အစည်းအဝေးပြီးမှသိရမှာဖြစ်ပါတယ်" ဟုအစည်းအဝေးဖြစ်မြောက်ရေးကော်မတီဝင် ကိုပိုင်ရဲသူကဆိုသည်။
ယင်းကျောင်းသားထု အစည်းအဝေးကို မလုပ်ရန် နိုဝင်ဘာ ၁ ရက်တွင် ရန်ကုန်ခဝဲခြံ မျက်မမြင်ကျောင်းသို့ မရမ်းကုန်းမြို့နယ်စခန်းမှူးနှင့်မြို့နယ်အုပ်ချုပ်ရေး မှူးတို့က လာရောက်ပြီး တားမြစ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လုပ်မည်ဆိုပါကလည်း ခွင့်ပြုချက်ရယူရန်နှင့် သတ်မှတ်ထားသည့် နိုဝင်ဘာ ၁၂ရက်နှင့် ၁၃ရက် သည် အမေရိကန် သမ္မတ အိုဘားမားလာတက်မည့် အာဆီယံ အစည်းအဝေးနှင့် တိုက်နေ၍ ရက်ရွှေ့ပေးရန် လာရောက်ပြောကြားခြင်းဖြစ်သည်။
အစည်းအဝေးကို သတ်မှတ်ရက် နှစ်ရက်၌ နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ပြုလုပ်မည်ဖြစ်ကာ အမျိုးသား ပညာရေး ဥပဒေကိစ္စကို အလေးထား ဆွေးနွေး မည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့သည့် အမျိုးသားပညာရေးဥပဒေ (မူကြမ်း)ကို အမျိုးသား လွှတ်တော်က ပြင်ဆင်အတည်ပြုပြီးနောက် သဘော ထားကွဲလွဲချက်များရှိနေ သဖြင့် ပြည်ထောင်စု လွှတ်တော်တွင် ထပ်မံဆွေးနွေးကာ ဇူလိုင် ၃၁ရက်က အတည်ပြုခဲ့ခြင်းဖြစ်သည်။