တောင်ကြီးတွင် မီးပုံးပျံပျက်ကျ၍ ဒဏ်ရာရသည့် ခွန်တန်မီးအဖွဲ့ခေါင်းဆောင် ကွယ်လွန်

တောင်ကြီးတွင် မီးပုံးပျံပျက်ကျ၍ ဒဏ်ရာရသည့် ခွန်တန်မီးအဖွဲ့ခေါင်းဆောင် ကွယ်လွန်
by -
မဇ္စျိမ

တောင်ကြီးတန်ဆောင် တိုင်မီးပုံးပျံ ပြိုင်ပွဲ၌ မီးပုံးပျံ ပျက်ကျစဉ် ကလေးငယ်များကို ကူညီဖယ် ရှားပေးသည့် ပြိုင်ပွဲဝင် ခွန်တန်မီးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ခွန်သီဟန် (ဘုတ်ဘုတ်)မှာ နိုဝင်ဘာ ၈ရက် ည ၁၂နာရီခန့်က ပတ္တမြားအထူးကုဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်ဟု မေတ္တာရှင် နာရေးကူညီ မှုအသင်း ဥက္ကဋ္ဌ ဦးညွှန့်မောင်က မဇ္စျိမကို ပြောသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ခွန်တန်မီးအဖွဲ့ခေါင်းဆောင် ခွန်သီဟန်(ဘုတ်ဘုတ်) သည် ခွန်တန် မီးပုံးပျံ ပျက်ကျစဉ် ကလေးငယ်များ ထိခိုက်မည် စိုးသဖြင့် ကူညီ ဖယ်ရှားပေးရာမှ အတွင်းဒဏ်ရာရရှိခဲ့ပြီး ပြင်ပ ယမ်းလောင် ဒဏ်ရာများ အနည်းကျဉ်းသာ ရရှိထားသည် ဟု ဦးညွန့်မောင်က  ပြောသည်။

fire-1

"ပြင်ပ ဒဏ်ရာတွေ ရရှိထား တာလည်း မတွေ့ရဘူး၊ အထဲမှာ ယမ်းထိပြီးတော့ အသက်ဆုံး သွားတယ်လို့ပဲ ကျွန်တော်တို့ မှတ်ယူ ပါတယ်၊ သူက စိတ်ကောင်းရှိ ပြီး ကူညီတတ်သူတစ်ဦးပါ” ဟု သေဆုံးသွားသည့် ခွန်တန်မီးအဖွဲ့ခေါင်းဆောင် ခွန်သီဟန် ၏ သူငယ်ချင်းတစ်ဦး က ပြောသည်။

နိုဝင်ဘာလ(၁)ရက် နံနက် ၁နာရီ ၁၈မိနစ်အချိန်ခန့်တွင် လွှတ်တင်ခဲ့သည့် တောင်ကြီးမြို့ တန်ဆောင်တိုင်ပြိုင်ပွဲဝင် ဦးကြီးခမ်းရပ်ကွက်ကိုယ်စားပြုခွန်တန်မီး အဖွဲ့၏ ညမီးကြီးမီးပုံးအမျိုးအစား တစ်လုံးလွှတ် တင်စဉ် ပြန်လည် ပျက်ကျပြီး အဝေရာ မီးပုံးပျံကွင်း အတွင်းရှိ ပရိသတ်၁၄ ဦး ယမ်းလောင် ဒဏ်ရာများ ရရှိခဲ့ သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

ခွန်တန်မီး ပျက်ကျမှုဖြစ်စဉ် အပြီး ဒဏ်ရာရရှိသူ ၁၄ ဦးအနက် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ် ဦးတို့မှာ စိုးရိမ်ဖွယ် ဒဏ်ရာအနေ ထားရရှိ ခဲ့ပြီး နိုဝင်ဘာ ၂ ရက် တွင် အမျိုးသားနှစ်ဦးမှာ သေဆုံးသွားခဲ့သည်။

ယင်းအပြင် နိုဝင်ဘာ ၄ရက် ည ၁၀နာရီအချိန်ကလည်း ကျောင်းကြီးစုရပ်ကွက် ကိုယ်စားပြု လွှတ်တင်ယှဉ်ပြိုင်ခဲ့သည့် ရာစုမီးအဖွဲ့မှ မီးပုံးပျံ ပျက်ကျကာ အသက် လေးနှစ်ခွဲအရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့သည်။

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ သမိုင်းတစ်လျောက် ယခုကဲ့သို့ တစ်ကြိမ်တခါမှ ဖြစ်ပေါ်ခဲ့ခြင်းမျိုး မရှိဘဲ ပထမဆုံးအကြိမ် လူ ၁၄ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အသက်ဆုံးရှုံးမှုများလည်း ရှိခဲ့သည်ဟု တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးတင်ဝင်းက မဇ္စျိမကို ပြောသည်။

တောင်ကြီးမီးပုံးပျံပြိုင်ပွဲကို အဝေရာကွင်း၌ အောက်တိုဘာ ၃၀ရက်မှ နိုဝင်ဘာ ရရက်အထိ ကျင်းပရန် စီစဉ်ခဲ့ပြီး ရာသီဥတု အခြေအနေကြောင့် နိုဝင်ဘာ ၆ ရက်၌ စော၍ ရပ်နားခဲ့ရသည်။