မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ (RSO) ဖောက်ခွဲရေး သမားများ ဝင်ရောက်နေသည့် သတင်းကြောင့် ရပ်ကွက်များတွင် ကြေငြာချက်များ လိုက်လံကပ်ကာ ဒေသကို အသိပေးထားသည် ဟု မော်လမြိုင်မြို့ ဒိုင်းကွင်းနက် နယ်မြေရဲစခန်းမှ စခန်းမှူးက မဇ္စျိမကို ပြောသည်။
“RSO အဖွဲ့ဝင် တစ်ချို့ ဝင်လာတယ်လို့ သတင်းရတဲ့ အတွက် ကျွန်တော်တို့ နယ်မြေထဲမှာ ပြည်သူကို အကြောင်းကြားထားတာပါ၊ မနေ့က ကြေငြာစာတွေ ကိုလည်း မနေ့က စကပ်ထားပါတယ်” ဟု ၎င်းကပြောသည်။
မော်လမြိုင်ရဲတပ်ဖွဲ့၏ ကြေငြာစာတွင် RSO ဖောက်ခွဲရေးသမားလေးဦးဟု ဓာတ်ပုံနှင့်တကွ ဖော်ပြထားပြီး သန်းဝင်း (အဖွဲ့ခေါင်းဆောင် ပြည်တွင်းလှုပ်ရှားရေး တာဝန်ခံ)၊ အိုစမာ (ခ) ဒါပတ် (အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ)၊ အာဇတ်(ခ) အမင်း (အဖွဲ့ဝင် အစ္စလာမ်မစ် စစ်သွေးကြွတိုက်ခိုက်ရေး သင်တန်းဆင်း၊ အီစမိုင်(ခ)ဇော်ဝင်း (အဖွဲ့ဝင် အစ္စလာမ်စစ်သွေးကြွ တိုက်ခိုက်ရေးသမား) ဟုဖော်ပြထားသည်။
RSO ရိုဟင်ဂျာ စစ်သွေးကြွ အဖွဲ့သည် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အခြေစိုက်သည်ဟု ဆိုကာ ရခိုင်ပြည်နယ်တွင် နယ်စပ်လုံခြံုရေးများ တင်းကြပ်စွာချ ထားသည်။
ယင်းအဖွဲ့သည် စက်တင်ဘာလ အတွင်းက KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ပြည်ပတွင် အလွတ် သဘော တွေ့ဆုံ၍ ယင်းအဖွဲ့ကို စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ပြီး ဗိုလ်ချုပ်ဂွမ်မော် က ငြင်းဆိုခဲ့သည်။