ပြည်ထေင်စုကို အားထားသော်လည်း ပါတီကို “ပြည်ထောင်စု” ဟု အမည်တပ်ခေါ်စရာမလိုဘဲ အလုပ်၊ စေတနာတို့ဖြင့် သက်သေပြရန်သာ လိုသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၈ရက်က ကယားပြည်နယ် ခရီးစဉ်အတွင်း ရှမ်းပြည်နယ် ဖယ်ခုံမြို့အရောက် လူထုအား ပြောဆိုလိုက်သည်။
“နာမည်တပ်ပြီးတော့ ပြည်ထောင်စုပါတီလို့ ခေါ်ဖို့မလိုပါဘူး၊ တစ်ကယ့်အလုပ်နဲ့ စေတနာနဲ့ပြရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ကယားပြည်နယ်ခရီးစဉ်အတွင်း လမ်းခရီးတွင် ရာပေါင်းများစွာသော ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ပြည်သူများက ကြိုဆိုနေစဉ် ခေတ္တကားရပ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ပြည်ထောင်စုပါတီဟု နာမည်တပ်ခေါ်စရာမလိုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ဗမာလူမျိုး အများစုပါဝင်သော်လည်း “ဗမာအများစုပါလို့ ဗမာပါတီလို့ ခေါ်လို့မရပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်
“ပါတီမှာ တိုင်းရင်းသားမျိုးစုံပါတယ်။ ပြန်ကြည့်လိုက်ပါ၊ ၁၉၉၀ရွေးကောက်ပွဲတုန်းကဆိုရင် ကျွန်မတို့အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ် တော်တော်များများဟာ တိုင်းရင်းသားတွေပါ” ဟု ၎င်း၏ပါတီ အပြတ်အသတ်နိုင်ခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲအခြေအနေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်အနေဖြင့် လုံခြံုမှုနှင့် အေးချမ်းသာယာမှုပေးနိုင်သော ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်မည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖယ်ခုံမြို့ပြည်သူ များအား ပြောဆိုလိုက်သေးသည်။
သို့သော် ဒီမိုကရေစီပြည်ထောင်စုတစ်ခု တည်ထောင်ပါက ညီညွတ်သည့်စိတ်ဓာတ် ရှိရမည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။
“တစ်ယောက်နဲ့တစ်ယောက် လူမျိုးချင်းမတူကြပေမယ့် ဘာသာစကားချင်း၊ ကိုးကွယ်တဲ့ဘာသာချင်း မတူကြပေမယ့် ကျွန်မတို့အားလုံးဟာ ရည်မှန်းချက်ပန်းတိုင်တော့ တူဖို့လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။