ရှမ်းပြည်နယ်တွင် လူကုန်ကူးမှု အများဆုံးဖြစ်ပွား

ရှမ်းပြည်နယ်တွင် လူကုန်ကူးမှု အများဆုံးဖြစ်ပွား
by -
မဇ္စျိမ

၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများမှာ ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ပွားခဲ့သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

လူကုန်ကူးမှု တားဆီးနှိပ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်သော စာရင်းဇယားများအရ ဇန်နဝါရီလမှ အောက်တိုဘာလ အထိ ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ၉၄ မှုအနက် ရှမ်းပြည်နယ်တွင် ၄၅ မှုဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ကာ လူကုန်ကူးမှု ၁၀ မှု ဖြစ်ပွားခဲ့သည်။

Human-Trafficking-1

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းနိုင်က “ရှမ်းပြည်နယ်က နယ်စပ်မြို့ဖြစ်တယ်။ ဒီဘက်မှာ လုပ်ခကနည်းတယ်။

အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတယ်။ အဲ့ဒီတော့ ဟိုဘက်ကို အလုပ်သွားလုပ်ရင်းနဲ့ လူကုန်ကူးခံရတာများပါတယ်။ ဗဟုသုတ နည်းတာလည်းပါတာပေါ့။” ဟုပြောသည်။

ယင်းအပြင် လူကုန်ကူးခံရမှုများအနက် တရုတ်နိုင်ငံသို့ လူကုန်ကူးသည့် အမှု ၆၂ မှုဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံသို့ လူကုန်ကူးမှု ၁၆ မှု၊ မလေးရှားနိုင်ငံသို့ လူကုန်ကူးမှု ၂ မှု၊ ပြည်တွင်းတွင် လူကုန်ကူးခံရမှု ၁၄မှု ဖြစ်ပွားခဲ့သည်။ လူကုန်ကူးမှု ၉၄ မှုတွင် လူကုန်ကူးခံရသည့် လူဦးရေ ၁၉၂ ဦးရှိပြီး အမျိုးသမီးဦးရေ ၁၄၂ ဦး အမျိုးသားဦးရေ ၅၀ ဦးပါ၀င်သည်။

လူကုန်ကူးများသည် ဇူလိုင်လအတွင်း အများဆုံးဖြစ်ပွားခဲ့ပြီး ၁၆မှုဖြစ်ပွားခဲ့သည်။ လူကုန်ကူးခံရသူဦးရေ စုစုပေါင်း ၁၉၂ ဦးအနက် လူကြီး ၁၄၂ ဦး၊ လူငယ် ၂၄ ဦး ကလေး၂၆ ဦး ပါ၀င်သည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အတွင်း လူကုန်ကူးခံခဲ့ရသူ ၁၉၂ ဦးအနက် ၁၃၈ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၅၄ ဦးကိုမူ ကယ်တင်နိုင်ခြင်း မရှိသေးပေ။ ၂၀၁၄ ခုနှစ် အောက်တိုဘာလအထိ လူကုန်ကူးမှုဖြင့် အမှုဖွင့်ခံထားရသူ ၂၇၄ ဦးအနက် ၁၈၈ ဦး ကို ဖမ်းမိထားပြီး ၈၆ ဦးမှာ ထွက်ပြေးတိမ်းရှောင် နေခြင်းဖြစ်သည်။