သျှမ်း/မြောက်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲ တိုင်းရင်းသား ၃ ခု စုပေါင်း ကျင်းပ

သျှမ်း/မြောက်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲ တိုင်းရင်းသား ၃ ခု စုပေါင်း ကျင်းပ
by -
သျှမ်းသံတော်ဆင့်

တစ်နေ့တခြား များပြား လာနေသည့် မူးယစ် ဆေးဝါးကို စုပေါင်း တိုက်ဖျက် နိုင်ရန် ရည်ရွယ်၍ ကချင်၊ တအာင်း ခေါ် ပလောင်နှင့် သျှမ်း ဒေသခံတို့ ပူးပေါင်း၍ “မူးယစ် ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေး ပညာပေး ဟောပြောပွဲ” ကို သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့နယ် မော့တောင်းကျေးရွာ အုပ်စု မော့တောင်းရွာတွင် ကျင်းပခဲ့ကြသည်။

“မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေး ပညာပေးဟောပြောပွဲနှင့် စင်တင်တေးဂီတ” ကို သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့နယ် မော့တောင်းကျေးရွာအုပ်စု မော့တောင်းရွာ ဘော်လုံးကွင်း၌ နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက် ည ရ နာရီမှ ၉ နာရီထိ ၂ ညတာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

drug N Shan

“ဒီလိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်း ဟောပြောပွဲ သူတို့ဆီမှာ တခါမှမရှိခဲ့ဖူးဘူးလို့ ဒေ သခံ တွေ ပြောကြတယ်။ ကျနော်တို့ သွားရောက်ဟောပြောတော့ သူတို့လည်း မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုး ကို သိရတော့ ဝမ်းသာကြတယ်။ ဟောပြောပွဲအပြင် သင်တန်းတွေလည်းပေးဖို့ ဒေသခံတွေ တောင်းဆိုကြတယ်” ဟု သွားရောက်ဟောပြောခဲ့သူ သျှမ်းလူငယ်ကွန်ယက်အဖွဲ့ Tai Youth Newtwork မှ စိုင်းဝမ်းလှိုင်းက ပြောသည်။

ပထမနေ့တွင် စိုင်းဝမ်းလှိုင်းက ဘိန်းစိုက်ပျိုးမှု၏ဆိုးကျိုး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးသက် ရောက်မှု တို့ကို ဟောပြောခဲ့သည်။ ဒုတိယနေ့တွင် တအာင်းလူငယ် မိုင်းအိုက်နော်က သျှမ်းပြည်တွင်း မူးယစ်ဆေးဝါး ပျံ့နှံ့လာပုံသမိုင်းကြောင်းကို ဟောပြောခဲ့ပြီး စိုင်းဝမ်းလှိုင်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာ ကွယ်ရန် ဗဟုသုတ၊ပညာပေးမှု စသည်တို့ကို ဟောပြောခဲ့ကြောင်း သိရသည်။

“ဟောပြောပွဲပြီးသွားရင်လည်း အလုပ်မပြီးသေးဘူး။ လက်တွဲပူးပေါင်းပြီး ဆန့်ကျင်တိုက်ဖျက်သွား ရမယ်။ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားရမယ်။ ဒါမှ အောင်မြင်မယ်” ဟု ရပ်ရွာအကြီး အကဲတစ်ဦးဖြစ်သူ စိုင်းယီပူး က ပြောသည်။

ည ၂ တာကာလအတွင်း ပညာပေးဟောပြောပြီးနောက် တိုင်းရင်းသားမျိုးနွယ်စု ၃ စု၏ ယဉ်ကျေးမှုအကများ၊ ကချင်အဆိုတော် လရှမ်းခါးလီ၊ အောင်ခမ်း၊ လဖိုင်အောင်ဆိုင်၊ L-ဂျီးပူ၊ ခေါနမ်၊ တအာင်း အဆိုတော် မိုင်းဆာလူနှင့် သျှမ်းအဆိုတော် စိုင်းဇွမ်လောဝ်ခေးတို့က ဖျော်ဖြေပေးခဲ့ကြသည်။

drug N Shan1

“စုပေါင်းတိုက်ဖျက်ဖို့ တချို့တော့ သိပ်နားလည်သဘောပေါက်ဦးမှာ မဟုတ်သေးဘူး။ ဝမ်းရေး အတွက်ဘဲ အာရုံစိုက်နေကြတယ်။ စီးပွားရေးလုပ်ဖို့ အချိန်နည်းသွားမှာ စိုးရိမ်နေကြတယ်။ တကယ်တော့ စီးပွားရေးလုပ်ငန်းကိုထားပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို စုပေါင်းကာကွယ်ရမှာ။ ဒီလိုမှမဟုတ်ရင် ကိုယ်ကစီးပွားရေးဘယ်လောက်လုပ်လုပ် ကိုယ့်ရဲ့သားသမီးမြေးမြစ်တွေကမူးယစ် သားကောင်တွေ ဖြစ်သွားမယ်။ ကိုယ်ရှာထားတဲ့ ပစ္စည်းဥစ္စာတွေလည်း သူတို့ကြောင့်ဘဲ ပျက်စီး ဆုံးရှုံးမှာ သေချာတယ်” ဟု  ဒေသခံ စိုင်းဆမ်က ပြောသည်။

ကချင်၊ တအာင်းနှင့် သျှမ်းတို့သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ အသီးသီး ဖွဲ့စည်းထား ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင်လည်း သူ့ဒေသနှင့်သူရှိကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားလာပြီးနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲသူ လျှော့ပါးလာသကဲ့သို့ ခိုးဆိုးလုယက်မှု၊ပျောက်ရှုံး မှုလည်း နည်းပါးလာကြောင်း၊ စိုက်ပျိုးရေးသုံး စက်ပစ္စည်းများ လယ်ယာတဲများ၌ ထားရဲလာပြီ ဖြစ်ကြောင်း သိရှိရသည်။

မော့တောင်းကျေးရွာအုပ်စု၌  သျှမ်းရွာ ရ ရွာ၊ ကချင်ရွာ ၃ ရွာနှင့် တအာင်းရွာ ၄ ရွာ ပါဝင်သည်။