လွှတ်တော်ပြင်ပက ဖွဲ့စည်းပုံ ပြင်ရန်ကြိုးပမ်း သူများကို ထောက်ခံပေးမည် မဟုတ်ဟု ဒေါ်စုပြော

လွှတ်တော်ပြင်ပက ဖွဲ့စည်းပုံ ပြင်ရန်ကြိုးပမ်း သူများကို ထောက်ခံပေးမည် မဟုတ်ဟု ဒေါ်စုပြော
by -
မဇ္စျိမ

လွှတ်တော်ပြင်ပမှ ဖွဲ့စည်းပုံပြင်ဆင်ရန် ကြိုးပမ်းသူများကို မိမိအနေဖြင့် ထောက်ခံပေးမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆို လိုက်သည်။

"ဖွဲ့စည်းပုံပြင်တာကို ဥပဒေဘောင်အတွင်းကနေ လုပ်ချင်တယ်။ လွှတ်တော်ပြင်ပက ပြင်ဖို့အားပေးတဲ့ သူတွေကို ထောက်ခံခြင်းမရှိပါဘူး။ တက်နိုင်သလောက် အတွင်းကလုပ်ရမယ်ဆိုတာ NLDရဲ့ ရပ်တည်ချက်ပါ" ဟု ၎င်းကဆိုသည်။

ASSK-and-Media-Encounter

ပြည်သူများအကျိုးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ခုတည်းသာမဟုတ်ဘဲ တစ်ခြားအင်အားစုအားလုံးက ပူးပေါင်း ကြိုးပမ်းရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်တို့က ဖွဲ့စည်းပုံကို လွှတ်တော် အတွင်း ပြင်ဆင်ခြင်းထက်၊ ပြင်ပမှ ပြင်ဆင်ရန် ကြိုးပမ်းနေကြသည်။

လွှတ်တော်ပြင်ပ ပြင်ဆင်မှုအတွက် နိုင်ငံရေးအင်အားစုအားလုံးပါ၀င်သည့် ညီလာခံမှ တစ်ဆင့် ပြင်ဆင်ရန် ၈၈ ငြိမ်း/ပွင့် အဖွဲ့ကလည်း တိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက်ရန် ငွေရတု အကောင်အထည်ဖော်ရေး ကော်မတီ တစ်ရပ်ဖွဲ့စည်းကာ ညှိနှိုင်းနေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်ကလည်း ၈၈ ငြိမ်း/ပွင့် အဖွဲ့နှင့် ပူးပေါင်းကာ ဇွန်လနှင့် ဇူလိုင်လ အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ့ သဘောဆန္ဒ လက်မှတ်များကောက်ခံခဲ့သည်။