ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ် မဲဆွယ်ခြင်းများကို မတားမြစ်ပါက ပဋိပက္ခများ ပြန်လည်ဖြစ်ပေါ်လာမည်ကို ပါတီအချို့က စိုးရိမ်ကြောင်း ပြောဆိုကြသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကာလများအတွင်း ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ် မဲဆွယ်စည်း ရုံးမှုအပေါ် တားမြစ်မည်မဟုတ်ပဲ တိုင်တန်းလာသည့် အပေါ်တွင်သာ စုံစမ်းစစ်ဆေးမည်ဟု ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကပြောဆို ထား၍ ဖြစ်သည်။
ရန်ကုန်မြို့၊ ပန်ဒါဟိုတယ်တွင် အောက်တိုဘာ ၂၁ ရက် က ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှ င်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံချိန်တွင် ဦးတင်အေးက ယင်းသို့ ပြောခြင်းဖြစ်သည်။
“ရခိုင်ပြည်မှာ မဖြစ်ဘူးလို့ ဘယ်သူမှ အာမမခံ နိုင်ပါဘူး။ ပါတီအနိုင်ရရေးအတွက် ဘာသာ၊ လူမျိုးကို ခုတုံးမလုပ်သင့်ဘူး၊ ဥပဒေဘယ်လောက်ရှိရှိ လိုက်နာသူက နည်းတယ်၊ ဒါကိုလည်း ကော်မရှင်က တိတိ ကျကျ ထုတ်ပြန် အသိပေးတာတွေ လုပ်သင့်တယ်” ဟု ရခိုင် အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် ဦးအေးသာအောင် က ဆိုသည်။
ထို့ပြင် ကော်မရှင်ဥက္ကဋ္ဌ ပြောဆိုမှုသည် အခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများနှင့် ကွဲလွဲမှုများရှိသည်ဟု ပါတီတို့က ဝေဖန်ကြသည်။
“ဘာသာရေးခုတုံးလုပ်တာကို ကော်မရှင်က ခွင့်ပြုတာမဟုတ်ဘူး၊ သူတို့လုပ်တာ ကို ကော်မရှင်က မသိနိုင်လို့ တိုင်တန်းလာ ရင်စစ်ဆေးမယ်။ ဟုတ်ရင် အရေးယူမယ်လို့ ဥက္ကဋ္ဌကပြောခဲ့တာပါ” ဟု ပြည် ထောင်စု ရွေးကောက်ပွဲကော်ရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးသောင်းလှိုင်က ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၀၇ (ဃ)တွင် ဘာသာရေးကိုနိုင်ငံရေး အလွဲသုံးပါက ပါတီအဖြစ် ဆက် လက်ရပ်တည်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည့်အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် လည်း ဘာသာရေးကို နိုင်ငံရေးအလွဲသုံး မဲဆွယ်စည်းရုံးခြင်းမပြုရဟု ပါ၀င်သည်။
“ဘာသာရေးကြောင့် ပဋိပက္ခတွေဖြစ်ထားတာ ဒါကိုလုပ်ရင် ပဋိပ္ခတွေပြန်ဖြစ် လာနိုင်တယ််” ဟု အမျိုး သားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
ကော်မရှင်သည် နိုင်ငံရေးပါတီများ၏ ဒိုင်အဖြစ်ရပ်တည်သည့် အဖွဲ့အစည်းဖြစ်သဖြင့် တရားမျှတမှုရှိရန် လိုအပ်ပြီး တိကျသည့် ထုတ်ပြန်ချက်များ ထုတ်ပြန်၍ ဥပဒေများလိုက်နာရန် ပါတီအားလုံးသို့ အသိပေး သင့်သည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်းဟိန်က ဆိုသည်။
“အထိမခံတဲ့ကိစ္စတွေအပေါ် ခုတုံးမလုပ်ဖို့ကိုလည်း ပါတီတွေက သတိထားရမယ်” ဟု ၎င်းက ပြောသည်။
မေလအတွင်းက ဧရာဝတီတိုင်း ဇလွန်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင် ပြုလုပ်သည့် အခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက်မပြင်ရေးပါ၀င်သည့် ဆန္ဒပြပွဲအပြီး ဗုဒ္ဓဆင်းတုတော်များ မဲဖောက်ပေး၍ သက်ဆိုင်ရာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်တန်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေးခဲ့ရသည်။
ထို့ပြင် ပေါက်မြို့နယ်၊ မြောက်ဘက်ရွာ မှ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးကို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်က ဘာသာခြား နိုင်ငံဖြစ်မည် ဟူသော လှုံ့ဆော်စာဖြန့်ဝေမှုကြောင့် ဟုဆိုကာ အသရေဖျက်မှုဖြင့် NLD ရပ်ကျေးဥက္ကဋ္ဌက တရားစွဲဆိုမှုဖြစ်ပွားသေးသည်။ ယင်းကိုကာယကံရှင် ကိုယ်တိုင်စွဲဆိုခြင်းမဟုတ်ဟု ဆိုကာပေါက်မြို့နယ် တရားရုံးက စက်တင်ဘာ ၂၅ ရက် တွင် ပယ်ချထားသည်။
၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဟု ပြောဆိုထားပြီး မဲဆွယ်စည်း ရုံးချိန်ကို နှစ်လ သတ်မှတ်ရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က စီစဉ်နေသည်။