ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် အရပ်ဖက်ပြောင်းမည်ဟု သတင်းထွက်

ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် အရပ်ဖက်ပြောင်းမည်ဟု သတင်းထွက်
by -
မဇ္စျိမ

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည် မကြာမီကာလအတွင်း အရပ်ဖက်သို့ ပြောင်းလဲတာဝန်ထမ်းဆောင်မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာ နနှင့် နီးစပ်သူများက ပြောသည်။

တပ်မတော်အစိုးရလက်ထက်က နေပြည်တော်စစ်ဌာနချုပ် တိုင်းမှူးတာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် သည် ယခုနှစ်ကုန်တွင် အသက် ၆၀ ပြည့် ပင်စင်ယူပြီးပါက နေပြည်တော်ကောင်စီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန တစ်နေရာတွင် တာဝန်ထမ်းဆောင်လိမ့်မည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

General-Wai-Lwin

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နှင့် နီးစပ်သူတစ်ဦးက "သတင်းတွေတော့ကြားတယ်၊ ဖြစ်မယ်ဆိုရင် ဒီလအတွင်း ပုဂံမှာကျင်းပမယ့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးပြီးရင် ဖြစ်လာနိုင်ပါတယ်’’ ဟု ခန့်မှန်းပြောဆိုသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အဆိုပါ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ပုဂံမြို့တွင် နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက် ၂ ရက်တာ ကျင်းပမည်ဖြစ်သည်။

ယင်းသတင်းနှင့်ပတ်သက်၍ မဇ္စျိမက ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား မေးမြန်းရာ "လောလောဆယ်တော့ ကိုယ်ဒီမှာပဲ တာဝန်ထမ်းဆောင်နေပါတယ်၊ ကောလဟလတွေလဲ ဖြစ်ချင်ဖြစ်မှာပေါ့၊ ကိုယ်သေချာမသိဘူးလေ’’ ဟု ပြန်လည်ပြောကြားခဲ့သည်။

ယခင် တပ်မတော်အစိုးရ လက်ထက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုံကြည်ခြင်းခံရသူဖြစ်သည့် အပြင် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများကို စနေနေ့တိုင်း စစ်ဆေးသည့် လမ်းကြောင်းတွင်လည်း လုံခြံုရေးတာဝန်များ ယူခဲ့သူဖြစ်သည်။