ကချင်ပြည်နယ်အတွင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများမှာ စစ်တပ်၏ ဒေသခံတပ်များကြောင့် မဟုတ်ဘဲ အခြားဒေသမှ လာရောက်သည့် ဧည့်တပ်မများကြောင့် ဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နည်းပညာ အကြံပေး အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါင်ခါးက ပြောသည်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများလျော့နည်းစေရန် KIO နှင့် ကချင်ပြည်နယ် အခြေစိုက် မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်တို့ကြား ညှိနှိုင်းဆောင်ရွက် အဖြေရှာနိုင်သော်လည်း အခြားဒေသများမှ ပြောင်းရွေ့နေရာချထားသည့် တပ်မများကြောင့် ပဋိပက္ခများ ဖြစ်ပွားနေရခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။
ဒေါင်ခါးက “မြောက်ပိုင်းတိုင်း လက်အောက်ခံ တပ်တွေနဲ့ ကျွန်တော်တို့ က ရှေ့တန်းမှာ ဖြစ်ဖြစ် နောက်တန်း မှာဖြစ်ဖြစ် ညှိပြီးတော့ ပြေလည်အောင် ဟန်ရေးပြပဲဖြစ်ဖြစ် ပုံစံအမျိုးမျိုးနဲ့ ညှိပြီးတော့ လုပ်လို့ရတယ်။ ဧည့်တပ်တွေနဲ့ ပြဿနာဖြစ် ရင်တော့ ဖြေရှင်းလို့မရတဲ့ အနေအထားမှာရှိတယ်” ဟု ဆိုသည်။
ကချင်ပြည်နယ်တွင်း အခြားဒေသမှ တပ်မများ လာရောက်လှုပ်ရှားမှု အချို့ကို ဒေသခံ တပ်ရင်းများပင် မသိရှိဟု ဒေါင်ခါးက ပြောသည်။
၎င်းက “အထူးသဖြင့် အထက်မြန်မာပြည် စစ်ကြောင်းကွပ်ကဲရေးမှုးတွေက အပြောင်းရွေ့လုပ်ပြီး ကချင်ပြည်နယ်မှာ တပ်ဖြန့်တယ်။ ဒီလိုတပ်ဖြန့်ချထားမှုတွေကို ကစထ (အထူးစစ်ဆင်ရေး ကွပ်ကဲရေးမှူး) မှူးတွေ အချင်းချင်းတောင်မသိဘူး။ ဧည့်တပ်တွေရဲ့ ကွပ်ကဲမှုက လမ်းကြောင်းတစ်ခုဖြစ်နေတယ်”ဟု ဆိုသည်။
လက်ရှိ ကချင်ပြည်နယ်အတွင်း၌ တပ်မ ၂၂၊ ၆၆၊ ၈၈ စသော တပ်မများ ပြောင်းရွေ့ အခြေချလျက်ရှိသည်။ ကချင်ပြည်နယ်အတွင်း ပဋိပက္ခများ ပြေလည်စေရန်အတွက် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့များက လစဉ်တွေ့ဆုံပြီး ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်က လာမည့်တွေ့ဆုံပွဲနှင့် ပတ်သက်၍ “တပ်ပိုင်းဆိုင်ရာမှာလည်း သူတို့ အောက်ခြေချင်း နားလည်မှုလွဲမှားပြီး မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတွေနဲ့ တိုက်ပွဲတွေ မဖြစ်အောင် ဒါတွေကို ထိန်းသိမ်းဖို့ ဝိုင်းဝန်းပြီးတော့ ညှိနှိုင်းပြီး ဆောင်ရွက် သွားမှာဖြစ်တယ်”ဟုဆိုသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် မြန်မာအစိုးရတို့ကြား ၁၉၉၄ ခုနှစ်မှစ၍ ၁၇ ကြာ အပစ်အခတ်ရပ်စဲရေး တည်ဆောင်ထားနိုင်ခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။