၂၀၁၅ ရွေးကောက်ပွဲအတွက် ပညာတတ် လူငယ် ကိုယ်စားလှယ်လောင်းများ တစညပါတီ ဖိတ်ခေါ်

၂၀၁၅ ရွေးကောက်ပွဲအတွက် ပညာတတ် လူငယ် ကိုယ်စားလှယ်လောင်းများ တစညပါတီ ဖိတ်ခေါ်
by -
ကန္တာရဝတီတိုင်းမ်

၂၀၁၅ ရွေးကောက်ပွဲအတွက် ကယားပြည်နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပညာတတ်လူငယ် ကိုယ်စားလှယ်များကို ဖိတ်ခေါ်လျက်ရှိကြောင်း သတင်း ရရှိသည်။

တစည ပါတီအနေနှင့် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားသော်လည်း၊ ယနေ့အထိ ကိုယ်စားလှယ်လောင်းများ မရှိသေးသည့်အတွက် ခေတ်ပညာတတ် လူငယ်များကို ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ရခြင်းဖြစ်သည်ဟု တစညပါတီမှ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဆော်ရယ် ကပြောသည်။

“အောက်ခြေမှာ ဒီ ၂၀၁၅ မှာကျနော်တို့ ပါတီကိုစိတ်ဝင်စားပြီး၊ နိုင်ငံရေးလုပ်ရဲတဲ့သူ၊ တကယ်လုပ်နိုင်တဲ့သူ၊ လုပ်ချင်သူ၊ အရည်ချင်းရှိတဲ့သူ၊ ခတ်ပညာတတ် လူငယ်တော်တော်များများ ရှိတဲ့ထဲမှာ၊ ကျနော်တို့က မြေတောင်မြောက်တဲ့ အနေနဲ့ အောက်ခြေက ပြည်သူလူထု မဲဆန္ဒနယ်က ရွေးခြယ် တင်မြောက်ပေးပါ” ၎င်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့က ဒီးမော့ဆို၌ကျင်းပသည့် တစညပါတီ၏ ၂၆ နှစ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် သဘာပတိဖြစ်သူ ဦးဆော်ရယ်၏ မိန့်ခွန်းတွင်လည်း လူငယ်များ ကိုယ်စားလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ထည့်သွင်း ပြောကြားခဲ့သေးသည်။

သို့သော် ယခုအချိန်ထိ သတ်မှတ်ထားသည့် စံချိန်စံနှုန်းနှင့် ကိုက်ညီသည့် ခေတ်ပညာတတ်များ ပါတီတွင်း ဝင်ရောက် လာခြင်း မရှိသေးကြောင်း ယင်းပါတီ တာဝန်ရှိသူ တစ်ဦးကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် လူငယ်များရှိပါက၊ ပါတီဆုံးဖြတ်ချက်ဖြင့် မဲဆန္ဒနယ်များ ပြင်ဆင်ခြင်း ပြုလုပ်နိုင်သည်ဟု ဒီးမော့ဆိုမြို့နယ် တစညပါတီ ဥက္ကဌ ဦးမြင့်အောင် က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် နယ်မြေတည်ငြိမ်အေးချမ်းခြင်း မရှိသည့်အတွက် မဲရုံမဖွင့်နိုင်သည့် မဲဆန္ဒနယ်များတွင် ကြံ့ခိုင်ရေးပါတီမှ ဆန္ဒမဲများ ရယူသွားခြင်းကြောင့် လာမည့်၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျှတရန် ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်မှ ဥပဒေနှင့်အညီ မျှမျှတတ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်သည်ဟု ဦးမြင့်အောင် ကဆက်၍ ပြောသည်။

တစညပါတီ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ်အားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ခဲ့ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီ ၊လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)၊ ကယန်း အမျိုးသားပါတီများ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဟုသတင်းရရှိသည်။

Most read this week