ပုဂံဟိုတယ်အချို့ ဘုရားနှင့် အလွန်နီးကပ်၍ ရွှေ့ပေးရန် တောင်းဆို

ပုဂံဟိုတယ်အချို့ ဘုရားနှင့် အလွန်နီးကပ်၍ ရွှေ့ပေးရန် တောင်းဆို
by -
မဇ္စျိမ

ပုဂံဒေသအတွင်းရှိ ရှေးဟောင်းဘုရား အချို့ ဟိုတယ်ဝင်းများအတွင်း ရောက်ရှိနေပြီး ၎င်းဘုရားများကို အများပြည်သူ ဖူးခွင့်ရရေး ဟိုတယ်ဧရိယာကို ဆုတ်ခွာပေးရန် ပုဂံချစ်သူအဖွဲ့က နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ မီဒီယာမှတစ်ဆင့် တောင်းဆိုလိုက်သည်။

ရှေးဟောင်းစေတီပုထိုးတော်များ အပါအဝင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ လက်ရာများကို ခြံခတ်၍ ဟိုတယ် ဧရိယာအတွင်းသို့ သွပ်သွင်းထားသည့် ဟိုတယ်များ ဆုတ်ခွာပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

Bagan-Ancient-Inheritances-Conservations-Press-Conferenc

ပုဂံချစ်သူ အဖွဲ့မှာ ဦးဝင်းမောင်က "၁၉၉၀ က ယဉ်ကျေးမှုဇုံသတ်မှတ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အောင် လုပ်မယ်ဆိုပြီး ပုဂံသူ ပုဂံသားတွေကို မြို့ပြင်ကို နှင်ထုတ်ခဲ့တယ်၊ ကမ္ဘာ့အမွေအနှစ်မဝင်ဘဲ အဲဒီနေရာတွေမှာ ဟိုတယ်တွေပဲ ပေါ်လာခဲ့တယ်။ ဒါတွေကို ပြန်ဖော်ထုတ်ပေးဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနမှာ တာဝန်ရှိတယ်”ဟု ဆိုသည်။

ပုဂံယဉ်ကျေးမှုဇုံအတွင်းတွင် ဆောက်လုပ်ထားသော ဟိုတယ်များအနက် ဧရာဟိုတယ်၊ သဇင်ဟိုတယ်၊ ပုဂံ-သံတဲ ဟိုတယ်၊ ထန်းဥယျဉ်ဟိုတယ်၊ Advanture Travel & Tour၊ အမတ ဟိုတယ်၊ ဆာကူရာ ဟိုတယ်နှင့် BBB စားသောက်ဆိုင်တို့မှာ ယဉ်ကျေးမှုဖုံအတွင်းရှိ ရှေးဟောင်းလက်ရာများ၊ စေတီပုထိုးများကို ဟိုတယ် ဧရိယာအတွင်း သွတ်သွင်းထားသည် ဟု ပုဂံချစ်သူ အဖွဲ့ကဆိုသည်။

ပုဂံဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးသန်းရွှေက "တချို့ရှေးသုက ထောက်ခံချက်ထုတ်မပေးဘဲ ဆောက်တဲ့ ဟိုတယ်အချို့ကို ပြန်ဖျက်ပေးရတာတော့ ရှိတယ်။ ကျန်တာတော့ မသိဘူး”ဟု ဆိုသည်။

လက်ရှိတွင် ပုဂံနှင့်အနီးတစ်ဝိုက်တွင် လုပ်ကိုင်လျက်ရှိသော ဟိုတယ်လုပ်ငန်းအရေအတွက် ၁၅၀ ကျော်ရှိပြီး ဆောက်လုပ်နေဆဲ ဟိုတယ် အရေအတွက် လေးဆယ်ကျော်ရှိသည် ဟု ဆိုသည်။