သမ္မတအပေါ် သဘောထား စစ်တမ်းကောက်မည်

သမ္မတအပေါ် သဘောထား စစ်တမ်းကောက်မည်
by -
မဇ္စျိမ

သုံးနှစ်ခွဲကျော် သက်တမ်းရှိပြီဖြစ်သော သမ္မတ ဦးသိန်းစိန်အပေါ် ပြည်သူများ၏ သဘောထားအမြင်များကို စိမ်းလန်းအမိမြေ အသင်းမှ သုတေသန ပြုလုပ်သွားမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌဖြစ်သူ ဦးဝင်းမျိုးသူ ကပြောသည်။

အဆိုပါ သုတေသနစစ်တမ်းကို စိမ်းလန်းအမိမြေအသင်း၏ မြန်မာ့ရေးရာ လူမှုစီးပွား သုတေသနအဖွဲ့က ဒီဇင်ဘာလတွင် စတုတ္တအကြိမ် သုတေသနပြုလုပ်မည်ဖြစ်ပြီး စီးပွားရေးအချက်အချာနှင့် လူနေ ထိုင်မှုများ သော ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် လုပ်ဆောင်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယခင်အကြိမ်များက ပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းများတွင် သမ္မတအပေါ် ပြည်သူများ၏ သဘောထားအမြင်နှင့် လွှတ်တော် ကိုယ်စားလှယ်များအပေါ် သဘောထားအမြင်များကို ကောက်ယူခဲ့သော် လည်း ယခုအကြိမ်တွင် သမ္မတ အပေါ်သဘောထားအမြင်ကိုသာ ဦးစားပေး ကောက်ယူသွားမည်ဖြစ်သည်။

“အရင်တုန်းက ကောက်ခဲ့တာတွေလည်းရှိတယ်။ အဲဒီတုန်းကရတဲ့ မှတ်ချက်တွေ၊ အမြင်တွေနဲ့ နောက် ထပ်ရလာမယ့် အမြင်တွေ နှိုင်းယှဉ် မယ်။ အရင်က လွှတ်တော်ကိုယ်စားလှယ်တွေကို သိရှိမှုနှုန်း ကောက် ပေမယ့် မသိတာများတော့ မကောက်တော့ဘူး။ သမ္မတကြီးကတော့ အဓိကအရေးပါသူဖြစ်နေတော့ ပြည်သူ့ အမြင်ကို ဦးစားပေးကောက်တာ”ဟု ၎င်းက ဆိုသည်။

လူထုသဘောထား စစ်တမ်းများသည် ယခင်က မြန်မာနိုင်ငံတွင် မရှိခဲ့သဖြင့် ယခုကဲ့သို့ ကောက်ယူမှု သည် ကောင်းမွန်သည်ဟု ယူဆကြောင်း၊ သို့ရာတွင် စစ်တမ်းကောက်ယူသည့် နည်းလမ်းအပေါ်တွင် မူ တည်၍ ရရှိသည့် ရလဒ်မှာလည်း ပြောင်းလဲသွားနိုင် သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကျော်လင်း ဦးက ပြောသည်။

စိမ်းလန်းအမိမြေ အသင်းက သမ္မတ၊ အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များ အပေါ်လူထု စိတ်ကျေနပ် မှု သုတေသနပြု ဆန်းစစ်ချက်မှု စစ်တမ်းများကို ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်အတွင်း နှစ်ကြိမ် ပြုလုပ်ပြီးဖြစ်သည်။