နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သည့် ငါးပွင့်ဆိုင်တွေ့ဆုံပွဲတွင် သိသာထင်ရှားသည့် နိုင်ငံရေး ရလာဒ်များ မထွက်ပေါ်ခဲ့သော်လည်း သင့်တင့်သည့်အချိန်တွင် ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့ကြသည်ဟု တွေ့ဆုံပွဲတွင် ပါ၀င်သူများက ပြောသည်။
ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA ) ကိုယ်စားပြု အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက "သိသာထင်ရှားတဲ့ ရလာဒ်ထွက်တာမျိုးတော့မရှိပါဘူး၊ အမြင်ချင်း ဖလှယ်တာလောက်ပဲရှိပါ တယ်’’ ဟု တယ်လီဖုန်းမှတစ်ဆင့်ပြောသည်။
ယခုအစည်းအဝေးမှ ရှေ့ဆက်၍မည်သည့်ကိစ္စများ ပြုလုပ်မည်၊ ရှေ့အလားအလာများကို ပြောဆိုဆွေးနွေးခြင်း မရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ ကိုယ်စားပြု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုယ်စား အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ယခုတွေ့ဆုံမှုသည် ပထမဦးဆုံးခြေလှမ်းဖြစ်သည့်အတွက် ရလာဒ်မထွက်နိုင်ကြောင်း၊ ရလာဒ်ထွက်ပေါ်ပါကလည်း ခိုင်မာမည့်ရလာဒ်မဖြစ်နိုင်ဟု သုံးသပ်သည်။
၎င်းက "အကောင်းမြင်ဘက်ကဆို Initiative (အဦးဆုံး) ခြေလှမ်း၊ ပထမဦးဆုံးခြေလှမ်း၊ ပထမဦးဆုံးခြေလှမ်းနဲ့တော့ ပန်းတိုင်ဝင်ဖို့မစဉ်းစားနဲ့၊ ဒီလိုခြေလှမ်းမျိုးကို သူတို့နောက်တစ်ခါလှမ်းဖို့မသင့်တော့ဘူး၊ ဒီထက်ကောင်းတဲ့ခြေလှမ်းမျိုးသူတို့လှမ်းသင့်တယ်’’ ဟု အကြံပြုပြောသည်။
သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကမူ ယခုတွေ့ဆုံသူများသည် သက်ဆိုင်ရာအဖွဲ့အစည်းများတွင် ယနေ့ဆွေးနွေးပွဲအကြောင်းကို ပြန်လည်၍ရှင်းပြကာ နောက်တစ်ကြိမ်အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးနိုင်သဖြင့် အောင်မြင်သည်ဟု ဆိုနိုင်သည်ဟု ပြောသည်။
တရားရေးမဏ္ဍိုင်မှ မပါ၀င်ခဲ့သည့် အဆိုပါတွေ့ဆုံပွဲတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများကိုယ်စားပြုသူ ၁၄ ဦးတက်ရောက်ခဲ့ပြီး နောက်ထပ် သင့်လျော်သည့်အချိန်တွင် ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
အဆိုပါဆွေးနွေးပွဲသို့ အုပ်ချုပ်ရေးပိုင်းမှ သမ္မတနှင့် ဒုသမ္မတနှစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌနှစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ တစညကိုယ်စားလှယ် ဦးသိန်းထွန်း၊ ပြည်ခိုင်ဖြိုး ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ညီနောင်တိုင်းရင်းသားများ မဟာမိတ်အဖွဲ့မှ ဦးခွန်ထွန်းဦး၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ ဦးစိုင်းအိုက်ပေါင်းနှင့် ဖယ်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့တို့မှ ဦးခင်မောင်ဆွေတို့တက်ရောက်သည်။
အဆိုပါတွေ့ဆုံမှုသည် ကန်သမ္မတ အိုဘားမား လာမည့်နို၀င်ဘာလ ၁၁ ရက်နှင် ၁၂ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ နိုင်ငံရေးဟန်ပြလုပ်ရပ်ဟု ဝေဖန်မှုများရှိသော်လည်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ငြင်းဆိုလိုက်သည်။
အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက “အမျိုးသားနိုင်ငံရေး အင်အားစုများအားလုံး နည်လမ်းရှာဖွေရန် ပွင့်ပွင့်လင်းလင်းဆွေးနွေးရန်" အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ၂၀၁၄ ကုန်ပိုင်း သို့မဟုတ် ၂၀၁၅ ခုနှစ်အစပိုင်းတွင် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန် အခြေခံမူဘောင်များ ချမှတ်နိုင်ရန်အရေးကြီးသည်ဟု ဆိုသည်။
၂၀၁၆ ရွေးကောက်ပွဲအပြီးတွင် မည်သူတာဝန်ယူသည် ဖြစ်စေ ၊မည်သည့် အစိုးရက တက်သည်ဖြစ်စေ တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့် ယုံကြည်စိတ်ချစွာဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဆွေးနွေးနိုင်မည် ဟု ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို သဘောတူကြောင်းပြောကြားခဲ့ပြီး အခြေခံဥပဒေပါပြဌာန်းချက်များအတိုင်း ပြင်ရန် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးလိုအပ်သည်ဟု ပြောကြားခဲ့သော်လည်း ၄၃၆ကဲ့သို့ ပုဒ်မတစ်ခုချင်းအလိုက် မဆွေးနွေးခဲ့ဘဲ Process သာ ဆွေးနွေးသည်ဟု ဦးရဲထွဋ်က ပြောသည်။
အောက်တိုဘာ ၃၁ရက် နံနက် ၉ နာရီ၊ ၃၀ မိနစ်မှ ၁၁ နာရီ မိနစ် ၃၀ အထိ စုစုပေါင်း ၂ နာရီခန့် ဆွေးနွေးခဲ့ သည့် အစည်းအဝေးတွင် တစ်ဦးလျှင် ဆယ်မိနစ်ခန့်သာ ပြောကြားခွင့်ရခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကတွေ့ဆုံပွဲ၏ရလာဒ်နှင့် ပတ်သက်၍ "အောင်မြင်တယ်ဆိုတာ ဘယ်လိုသတ်မှတ်ထားလို့လဲတော့ မသိဘူးပေါ့နော်၊ တကယ်တော့ တစ်ယောက်ကို ဆယ်မိနစ်လောက်ပဲပြောကြရတာ’’ ဟု ပြောကြားသည်။