ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်းကို ၂၀၁၆ ခုနှစ် ကေအဲန်ယူ၏ ကွန်ဂရက်မှသာလျှင် ထည့်သွင်းဆွေးနွေးရန် ဆုံးဖြတ်

ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်းကို ၂၀၁၆ ခုနှစ် ကေအဲန်ယူ၏ ကွန်ဂရက်မှသာလျှင် ထည့်သွင်းဆွေးနွေးရန် ဆုံးဖြတ်
by -
မဇ္စျိမ

ကော်သူလေး တပ်မတော် (KAF) အဖြစ် ပေါင်းစည်းရေးကို ကရင်အမျိုးသား အစည်းအရုံး(KNU) က မူအားဖြင့် သဘောတူသော်လည်း ပေါင်းစည်းရန်ကိုမူ ၂၀၁၆ခုနှစ်တွင် ပြုလုပ်မည့် KNU ၏ ၁၆ကြိမ်မြောက် ကွန်ဂရက်တွင် ထည့်သွင်းဆွေးနွေးမည်ဟု KNUမှ ဗိုလ်မှူးကြီးတစ်ဦးက ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ နယ်မြေတွင် ပြုလုပ်နေသည့် KAF ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းဝေးတွင် လာရောက် ပြောဆိုသွား ခဲ့သည်ဟု DKBA ဌာနချူပ်မှ ဗိုလ်မှူး စောထွန်းထွန်းက မဇ္စျိမကို ပြောသည်။

သို့သော် ဆုံဆည်းမြိုင်ရွာတွင် အောက်တိုဘာလ ၂၉ရက်က ပြုလုပ်သည့် အစည်းအဝေး၌ KAF ဖွဲ့စည်းရာတွင် ပါဝင်မည်ဆိုသည့် ကြေငြာချက်တွင် လတ်မှတ်ထိုးခဲ့သော DKBA၊ KNU၏ လက်အောက်ခံ တပ်ရင်း၂ခုဖြစ် သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်( KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA Peace Council) တို့တွင် KNDO နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ ဌာနချူပ်တို့မှ လာရောက်ခြင်းမရှိခဲ့ဘဲ KNLA တပ်ရင်း ၂ ခုမှ တပ်သားများနှင့် KNU မှ ဗိုလ်မှူးကြီး စောဖောဒိုတို့သာလျှင် KNU၏ ဆုံးဖြတ်ချက်ကို ပြောဆိုရန် လာရောက်ခဲ့ပြီး ကရင်ငြိမ်း ချမ်းရေး ကောင်စီမှ နုတ်ထွက်သွားခဲ့သော ဒေါက်တာတင်မိုသီသာ လာရောက်ခဲ့ကြောင်း ဗိုလ်မှူး စောထွန်းထွန်းက အတည်ပြု ပြောဆိုခဲ့သည်။

Kawtulay-1

"KAF လုပ်ဖို့ ဆိုတာကို ထပ်ပြီးညှိမှာပါ။ PC (ကရင်ငြိမ်းချမ်းရေးကောင်စီ) ဒေါက်တာတင်မိုသီပဲ လာတာ ဆိုတော့ ဌာနချူပ်အနေနဲ့ တရားဝင်မဝင် မသိဘူး။ KAF လုပ်ဖို့ အလွတ်သဘောတူညီမှု လုပ်ခဲ့တုန်းကတော့ သူတို့တွေ ပါခဲ့ကြပါတယ်" ဟု ဗိုလ်မှူးစောထွန်းထွန်းက ပြောသည်။

KAF ဖွဲ့စည်းခြင်းကို လေးနှစ်လျှင် တကြိမ် ပြုလုပ်သည့် KNU၏ ခေါင်းဆောင် နှင့် ဗဟိုကော်မတီဝင် များ ပြန် လည်ရွေးခြယ်သည့် ကွန်ဂရက်မှသာလျှင် ပြန်လည်ဆွေးနွေးမည်ဆိုသည့် ဆုံးဖြတ်ချက်အား ဗိုလ်မှူးကြီး စောဖောဒိုမှ DKBA၏ KAF အစည်းအဝေးတွင် သွားရောက်ပြောဆိုရန် အောက်တိုဘာလ ၂၃ရက်မှ ယနေ့အထိ ပြုလုပ်နေသည့် KNU၏ ဗဟိုကော်မတီဝင်များ၏ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း KNU ဌာနချူပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

DKBAမှ စစ်ဦးချူပ် ဗိုလ်ချူပ် စောလားပွယ်က ပြိုကွဲနေသည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို ပြန်လည် စုစည်းကာ KAF ဖွဲ့စည်းရန် ဆောက်ရွက်ခြင်းသည် အမျိုးသား သွေးစည်း ညီညွှတ်ရေးထက် လက်နက်ကိုင် တပ်မတော် တစ်ရပ် ပြန်လည် ဖြစ်ထွန်းရေးကို ဦးတည်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၂၉ရက်က ပြုလုပ်သည့်  KAF အစည်းအဝေးတွင် ပြောသည်။

" ဒီကော်သူးလေ တပ်မတော် ဆိုတာဟာ တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်း တစ်ခုတည်းနဲ့ ပတ်သက် တာ မဟုတ်ဘူး။ ကျွန်တော်တို့ တမျိုးသားလုံးနဲ့ လက်နက်ကိုင် တပ်ဖွဲ့ အားလုံးနဲ့ သတ်ဆိုင်တယ်။ ကျွန်တော်တို့ ပြည်သူ အားလုံးပိုင်တဲ့ တပ်မတော် တရပ်ဖြစ်တယ်" ဟု ၎င်းက ပြောသည်။

KAF ပြည်လည် ဖွဲ့စည်းကာ တိုက်ပွဲဝင်မည်ဆို၍ KNLA၊ KNDO တို့မှ ဒုတိယ စစ်ဦးစီးချူပ်နှင့် စစ်ဦးစီးချူပ်၊ DKBA မှ စစ်ဦးစီးချူပ် နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီမှ ယခင်နယ်စပ်အထူးဗျူဟာမှ ဗျူဟာမှူးတို့ လတ်မှတ်ရေးထိုးထားသည့် ထုတ်ပြန်ချက်သည် အောက်တိုဘာလ ၁၃ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ KNU က လတ်မှတ်ထိုးသူ ၂ဦးနှင့်သာ သက်ဆိုင်ပြီး KNU နှင့် မပတ်သက်ကြောင်း  ကြေငြာချက် ထုတ်ပြန်ခဲ့သကဲ့သို့ ကရင်ငြိမ်းချမ်းရေး ကောင်စီ ဌာနချူပ် သည်လည်း ၎င်းတို့နှင့် သက်ဆိုင်ခြငး်မရှိကြောင်း ထိုစဉ်က ငြင်းဆိုထားခဲ့သည်။

အစည်းဝေးတွင် တတ်ရောက်လာခဲ့သည့် ကရင်ငြိမ်းချမ်းရေး ကောင်စီမှ တာဝန်ရှိသူ တစ်ဦးဖြစ်ခဲ့ သည့် ဒေါက်တာတင်မိုသီက KAF သည် အဖွဲ့အစည်း တခုမဟုတ်ဘဲ ၁၂သန်းခန့်ရှိသော ကမ္ဘာတဝှမ်းလုံးရှိ ကရင်အားလုံးကို ကိုယ်စားပြုထားသည့် အမည်တခုသာ ဖြစ်ကြောင်း ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ ကရင်လက်နက်ကိုင် အဖွဲ့များ၏ ဆန္ဒအလျောက် KAF တည်ရှိမှု၊ မရှိမှုအား ဆုံးဖြတ်၍ မရကြောင်း နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးအတွက် ကြိုးပမ်းမည့် KAF တပ်မတော်နှင့် အုပ်ချူပ်မှု အခန်းကဏ္ဍ အား ဆန့်ကျင်ခြင်း၊ နှောင့်ယှက်ခြင်း၊ တားဆီးခြင်းတို့ကို လုပ်ဆောင်ရန် မည်သူမျှ အခွင့်အာဏာ မရှိကြောင်း ဆိုသည်။

KAF ဖွဲ့စည်းခြင်း ဆိုင်ရာ အစည်းအဝေးကို အောက်တိုဘာလ ၂၉ရက်မှ ၃၁ရက်အထိ ပြုလုပ်မည်ဖြစ်ကာ ပြီးဆုံးသော နေ့တွင် ကြေငြာချက် တစောင် ထုတ်ပြန်မည်ဖြစ်သည်။