နိုင်ငံရေးအကြောင်းပြောသူများကို စောင့်ကြည့်ရန် အာဏာပိုင်မှ ဆိုင်ရှင်များကိုညွန်ကြား

နိုင်ငံရေးအကြောင်းပြောသူများကို စောင့်ကြည့်ရန် အာဏာပိုင်မှ ဆိုင်ရှင်များကိုညွန်ကြား
by -
ကွန်းဟဒေ့
နိုင်ငံရေးအကြောင်း ပြောနေသူများကိုတွေ့လျှင် ပြောနေသူ၏အမည်များကို အာဏာပိုင်များထံ သတင်း ပို့ရမည်ဟု လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ရှင်များကို ခံဝန်ကတိတောင်းခံပြီး လက်မှတ်ထိုးခိုင်း သည်ဟု ဒေသခံဆိုင်ရှင်များထံမှ သိရ ...

နိုင်ငံရေးအကြောင်း ပြောနေသူများကိုတွေ့လျှင် ပြောနေသူ၏အမည်များကို အာဏာပိုင်များထံ သတင်း ပို့ရမည်ဟု လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ရှင်များကို ခံဝန်ကတိတောင်းခံပြီး လက်မှတ်ထိုးခိုင်း သည်ဟု ဒေသခံဆိုင်ရှင်များထံမှ သိရသည်။

လွန်ခဲ့သောသီတင်းပတ်တွင် မွန်ပြည်နယ် မုဒုံမြို့နှင့် မုဒုံမြို့နယ် ကမာဝက်ကျေးရွာရှိ လက်ဖက်ရည်ဆိုင် ရှင်များနှင့် စားသောက်ဆိုင်ရှင်များကို ဒေသခံရဲအရာရှိများက အစည်းအဝေး ခေါ်ယူခဲ့ပါသည်။

ထိုအစည်းအဝေးတွင် ဆိုင်ရှင်များအနေဖြင့် ၄င်းတို့ဆိုင်တွင် လာရောက်စားသောက်သူများ နိုင်ငံရေး အကြောင်းအရာနှင့် ပတ်သက်သောစကားများ ပြောဆိုနေသူများကို တွေ့လျှင် ၄င်းတို့ထံ အကြောင်းကြား ရမည် ဖြစ်ပြီး အကြောင်းကြားရမည့် တာဝန်ပျက်ကွက်ခဲ့ပါက အရေးယူခံရမည်ဟု ဒေသခံအာဏာပိုင်များက ၄င်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

“တကယ်လို့ ဆိုင်ထဲမှာ နိုင်ငံရေးအကြောင်း ပြောတဲ့သူတွေကို တွေ့တာပဲဖြစ်ဖြစ်၊ ကြားတာပဲဖြစ်ဖြစ်၊ သူတို့ကို အကြောင်းကြားရမယ်၊ ပျက်ကွက်လို့ရှိရင် သူတို့(ရဲ) အရေးယူမယ်လို့ ပြောထားတယ်” ဟု ဆိုင်ရှင် နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ဖက်ရည်ဆိုင်ရှင်များနှင့် စားသောက်ဆိုင်ရှင်များကို အစည်းအဝေးခေါ်ယူခြင်းနှင့် ပတ်သက်၍ သတင်းပေါက်ကြားခဲ့မည်ဆိုပါက ဆိုင်ရှင်များပေါ်တွင် တာဝန်ရှိသည်ဟု အာဏာပိုင်များက သတိပေးထားခဲ့ သည်။ သတင်းမပေါက်ကြားအောင် ဆိုင်ရှင်များတာဝန်ယူရမည်ဟု အာဏာပိုင်များက ပြောသည်။

“ဒီအစည်းအဝေးခေါ်တဲ့သတင်း ပေါက်သွားရင် ဆိုင်ရှင်တွေမှာ တာဝန်ရှိတယ်၊ ဆိုင်ရှင်တစ်ယောက် ယောက်ဆီက သတင်းပေါက်ကြားသွားလို့ အာဏာပိုင်တွေ ကြားလို့ရှိရင်လည်း အရေးယူခံရမယ်” ဟု အမည်မဖော်လို သူဆိုင်ရှင်တစ်ဦးက ပြောသည်။

ထိုသို့တင်းကျပ်သောအမိန့်ကြောင့်ဆိုင်ရှင်များအနေနှင့်လည်း ကြောက်ရွံ့၍ သတင်းမပေါက်ကြားခဲ့ဟု အ စည်းအဝေးတက်ရောက်ခဲ့သော ဆိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“လွန်ခဲ့တဲ့ အပတ်က သံဖြူဇရပ်မှာ အဲဒီသတင်း ကြားနေရသလိုပဲ၊ ဆိုင်ရှင်တွေကို မေးတော့လည်း မဟုတ်ဘူးလို့ပြောတော့ မဟုတ်ဘူးလို့ပဲ ထင်တယ်၊ နောက်ပိုင်းမှ ကျနော်ထပ်ကြားရတယ် ဒီသတင်း တွေပေါက်ကြားသွားရင် ဆိုင်ရှင်တွေကို အရေးယူမယ်လို့ ကြားရတယ်၊ ဒါကြောင့် ဆိုင်ရှင်တွေ မပြောရဲတာ နေမှာပေါ့” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် လူများစကားလက်ဆုံကျရာ နေရာဖြစ်သောကြောင့် ၄င်းဆိုင်ရှင်များကို အစည်းအဝေးခေါ်ယူခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ အမိန့်ထုတ်သည်ကို အတိအကျမသိရသော်လည်း ဒေါ်စုအဖမ်း ခံရပြီးနောက်ပိုင်းတွင် လက်ဖက်ရည်ဆိုင်များတွင် ဒေါ်စုအမှုကို စိတ်ဝင်စားသူ များလာခြင်းကြောင့် ဆူပူမှုများ မဖြစ်အောင် ဆိုင်ရှင်များကို စောင့်ကြည့်ခိုင်းခြင်း ဖြစ်သည်ဟု ဆိုင်ရှင်တစ်ဦးက ၄င်း၏ ထင်မြင်ချက်ကို ပြောသည်။