SSPP နှင့် အစိုးရတို့ နေပြည်တော်၌ ရက်ပိုင်းအတွင်း တွေ့ဆုံမည်

SSPP နှင့် အစိုးရတို့ နေပြည်တော်၌ ရက်ပိုင်းအတွင်း တွေ့ဆုံမည်
by -
မဇ္စျိမ

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နေပြည်တော်၌ မကြာမီ ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးရန် UPWC ဘက်မှ အောက်တိုဘာ ၂၇ ရက်က အကြောင်းကြားလာသည်ဟု SSPP/SSA အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က မဇ္စျိမကို ပြောသည်။

SSPP/SSA ဘက်မှ အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင် ဦးဆောင်သော ကိုယ်စားလှယ်များက လာမည့် အောက်တိုဘာလ ၂၉ ရက်တွင် နေပြည်တော်သို့ ထွက်ခွာမည် ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နှင့် နိုဝင်ဘလ ၁ ရက်တို့တွင် တွေ့ဆုံနိုင်လိမ့်မည်ဟု ၎င်းက ပြောသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့ရေးအတွက် SSPP၏ အမြင်နှင့် အကြံပြုချက်များကို UPWC နှင့် ထပ်မံ တွေ့ဆုံညှိနှိုင်းပါက ပိုမိုပြည့်စုံ ရှင်းလင်းနိုင်မည်ဟု ယူဆ၍ တွေ့ဆုံရန် SSPPက အဆိုပြုခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုပြုချက်ကို အောက်တိုဘာ ၂၄ ရက်က SSPPက ပေးပို့ခဲ့ပြီး အစိုးရက ၂၇ ရက်တွင် တွေ့ဆုံရန် အကြောင်းပြန်ခြင်းဖြစ်သည်။

“နေပြည်တော်မှာ ပြန်ချိန်းမယ်။ ကျွန်တော်တို့ နယ်မြေ တည်ငြိမ်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့အချက်ကို ပြန်ဆွေးနွေးမယ်။ ကျန်တဲ့ဟာက သိပ်အဖုအထစ်မရှိဘူး” ဟု စဝ်ခွန်ဆိုင်က ပြောသည်။

အောက်တိုဘာလ ၁၈ ရက်ကလည်း “ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး”ခေါင်းစဉ်ဖြင့် ရှမ်းပြည်နယ် လားရှိုးမြို့တွင် နှစ်ဖက်တွေ့ဆုံစဉ် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေး ပူးပေါင်းညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့ ဖွဲ့ရန်၊ ဆက်ဆံရေးရုံး အဆင့်မြှင့် တိုးချဲ့ဖွင့်လှစ်ရန်၊ ဆက်ဆံရေးရုံး ချထားခြင်းဖြင့် နှစ်ဖက် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးသွားရန်နှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး ဟူသော အချက် ၄ ချက်ကို UPWC ဘက်မှ အဆိုပြုခဲ့သည်။ ယင်းအဆိုပြုချက်ကို SSPPက ဗဟိုကော်မတီ အစည်းအဝေးလုပ်ပြီးမှသာ အကြောင်းပြန်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

SSPP/SSA က ၎င်းတို့၏ ဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာလ ၂၁ ရက်က ပြုလုပ်၍ အစည်းအဝေးရလာဒ်ကို UWPC နှင့် ဆက်လက် ညှိနှိုင်းမည်ဖြစ်သည်။

SSPP/SSA နှင့် အစိုးရတပ်တို့ ယခုလဆန်းပိုင်းက ရှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်း ၃ ရက်ကြာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက် ကျဆုံးမှုရှိပြီးနောက် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရခြင်းဖြစ်သည်။