ရာဘာစိုက်ရာသီ ရောက်လာသော်လည်း ပျိုးပင် ရောင်းအားမကောင်း

ရာဘာစိုက်ရာသီ ရောက်လာသော်လည်း ပျိုးပင် ရောင်းအားမကောင်း
by -
ရိုင်မရော့
ရာဘာစျေးနှုန်းကျသွားပြီးနောက် ရာဘာပျိုးပင်စိုက်သူများအတွက် ပျိုးပင်ရောင်းအားမကောင်းသောကြောင့် အရှုံးပေါ်နေရသည့်အခြေနေသို့ ရောက်နေကြသည်ဟု ပြောဆိုနေကြသည်။ “မနှစ်က ရာဘာစျေးကျပြီးကတည်းက ရာဘာပျိုးပင်တွေ ရောင်းအားမကောင်းတော့ဘူး၊ ...

ရာဘာစျေးနှုန်းကျသွားပြီးနောက် ရာဘာပျိုးပင်စိုက်သူများအတွက် ပျိုးပင်ရောင်းအားမကောင်းသောကြောင့် အရှုံးပေါ်နေရသည့်အခြေနေသို့ ရောက်နေကြသည်ဟု ပြောဆိုနေကြသည်။

“မနှစ်က ရာဘာစျေးကျပြီးကတည်းက ရာဘာပျိုးပင်တွေ ရောင်းအားမကောင်းတော့ဘူး၊ ဝယ်သူမရှိတော့ ပျိုးပင်ကို စျေးလျှော့ရောင်းရတယ်၊ ဒါပေမယ့် စျေးလျှော့ရောင်းလည်း ဝယ်တဲ့သူမရှိဘူး၊ အရှုံးပေါ်နေကြတာပေါ့” ဟု မုဒုံမှ ရာဘာပျိုးပင်စိုက်သူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ၂ဝဝ၈ ခုနှစ်၊ အောက်တိုဘာလဝန်းကျင်ခန့်က ကမ္ဘာ့စီးပွားရေး ပျက် ကပ်မှုကြောင့် ရာဘာစျေးထက်ဝက်နီးပါး ကျဆင်းသွားပြီး၊ ရာဘာကို အဓိကထား စိုက်ပျိုးနေကြသူများ အခက်အခဲကြံုတွေ့နေကြရသည်။

ရာဘာပျိုးပင် စျေးနှုန်းကျလာခြင်း၊ ဝယ်သူနည်းပါးလာခြင်းသည် ရာဘာခြံလုပ်သူများက လက်ရှိ စီးပွားရေးမပြေလည်မှုကြောင့် မိမိခြံအတွင်း စိုက်ပျိုးရန် လိုအပ်သည့် ပျိုးပင်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စိုက်ပျိုးလာခြင်းကြောင့်လည်းဖြစ်သည်ဟု ရာဘာ စိုက်ပျိုး နေကြသည့် ရာဘာခြံလုပ်သားများက ပြောသည်။

ငွေကြေးတတ်နိုင်သူအနည်းအကျဉ်းသာ ရာဘာပျိုးပင်များကို ဝယ်ယူနိုင်ကြောင်းလည်း ၄င်းက ဆက်ပြောခဲ့သည်။

“ပျိုးပင်တစ်ပင်ဆိုရင် ကျပ်နှစ်ရာလောက် ရင်းနှီးထားရတယ်၊ ကြားမှာ အပင်သေသွားရင် ရှုံးပြီး၊ ပျိုးပင်လည်း စျေးမကောင်း ဝယ်တဲ့လူလည်းမရှိဘူးဆိုတော့ ရှုံးဖို့ပဲ ရှိတာပေါ့” ဟု အခြားပျိုးပင်ရောင်းသူတစ်ဦးက ပြောသည်။

ယခုလက်ရှိပျိုးပင်စျေးနှုန်းသည် ပျိုးပင်အမျိုးအစားပေါ်မူတည်ပြီး စျေးနှုန်းကွဲပြားမှုရှိသည်။

ပျိုးပင်စျေးနှုန်းသည် ယခင်က အရည်အသွေးကောင်းသည့် ပျိုးပင်တစ်ပင်လျှင် (၇ဝဝ) ကျပ်ထိရှိပြီး၊ ယခုအချိန်တွင် ပျိုးပင်တစ်ပင်လျှင် (၅ဝဝ) ကျပ်နှင့် (၄ဝဝ) ကျပ် ကြား တွင်ရှိသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ရာဘာကိုင်းဆက်ပင်များမှာ စျေးကောင်းရရှိကြသည်။ မွန်ပြည်နယ်အတွင်း စိုက်ပျိုးမှုအများဆုံးနှင့် အရောင်းရဆုံး ရော်ဘာပင်အမျိုးအစားများမှာ PB 600, PB 260, PB 235, BPM 24 တို့ ဖြစ်ကြသည်။

“မနှစ်က အရှုံးတော့မပေါ်ဘူး၊ အမြတ်လည်း သိပ်မရဘူး၊ အရင်း မစိုက်ထိတဲ့ အနေ အထားပေါ့၊ ဒီနှစ်ကျတော့ ဟန်မကျဘူး၊ ရာဘာချဖို့ အချိန်တော့ ရောက်နေပြီး၊ ပျိုးပင် လာဝယ်တဲ့လူတွေက မနှစ်ကလောက်မများဘူး၊ ဒီနှစ်တော့ ပျိုးပင် (၅) သောင်း ကျော် ကျော် ပျိုးထားတယ်” ဟု ၄င်းပျိုးပင်ရောင်းသူက ပြောသည်။

မုဒုံမြို့ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာမှ သုတေသနနှင့် မျိုးပွားခြံ၌ ရာဘာပျိုးပင်စျေးနှုန်းသည် တစ်ပင်လျှင် (၂ဝဝ) ကျပ်ထိ ကျဆင်းသွားသည်။ ၄င်းပျိုးပင်ခြံမှ ရောင်းသည့် ပျိုးပင်များသည် ထိုင်းနိုင်ငံမှ သွင်းလာသည့် ရာဘာကိုင်းဆက်ပင်များထက် စျေးကောင်းမရရှိကြပေ။

လွန်ခဲ့သည့် ၂ဝဝ၇ ခုနှစ်က မွန်ပြည်နယ်အတွင်း စစ်အစိုးရ၏ မြေလွတ်မြေရိုင်းဖော် ထုတ်ရေး စီမံကိန်းကြောင့် ရာဘာစိုက်ပျိုးသူများလာကာ ရာဘာပျိုးပင်များလည်း စျေးမြင့်တက်လာခဲ့သည်။

မွန်ပြည်နယ်မှ ရာဘာပျိုးပင်များကို ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ပုသိမ်မှ လာရောက်ဝယ်ယူကြသည်။ သို့သော်လည်း ရာဘာစျေးနှုန်းကျဆင်းသွားပြီးနောက် မွန်ပြည်နယ်မှ ရာဘာပျိုးပင်များ လာရောက်ဝယ်ယူမည့်သူ နည်းပါးသွားကာ ပျိုးပင်စျေးနှုန်းလည်း လျော့ကျသွားသည်။

Most read this week