နိုင်ငံရေး အမြတ်ထုတ်သည်ဟုဆိုကာ ပီအာရ်စနစ်ကို ကန့်ကွက်ဆန္ဒပြ

နိုင်ငံရေး အမြတ်ထုတ်သည်ဟုဆိုကာ ပီအာရ်စနစ်ကို ကန့်ကွက်ဆန္ဒပြ
by -
မဇ္စျိမ

ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ပီအာရ်ပြောင်းလဲကျင့်သုံးရန် စီစဉ်ခြင်းသည် နိုင်ငံရေး အမြတ်ထုတ်ခြင်းဟုဆိုကာ လူအင်အား ၂၀၀ ခန့် က ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင် လမ်းဆုံတွင် အောက်တိုဘာ ၂၆ ရက်က ဆန္ဒပြသည်။

“ပီအာရ်စနစ်ဆိုတာ သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာ မပါဘူး။ သူတို့ ဥပဒေကို သူတို့ဖောက်ဖျက် ရာကျတယ်။ နောက် တစ်နည်း ပြောရမယ်ဆိုရင် နိုင်ငံရေး အမြတ်ထုတ်ပြီး အနိုင်ကျင့်တဲ့သဘောပဲ။ သူတို့ရေးဆွဲထားတဲ့ ဥပဒေမှာ နိုင်သူက ပြည်သူ တင်မြှောက်ထားတဲ့သူ သမ္မတဖြစ်ရမယ်။ အဲဒါကိုဖြစ်မှာစိုးလို့ ဒီပီအာရ် စနစ်ကိုသုံးတာ” ဟု ဆန္ဒပြသူ ဦးမြင့်သိန်း က ပြောသည်။

PR-Proposal-Discussion

ဆန္ဒပြပွဲကို ရွှေပြည်သာမြို့နယ်ရဲစခန်းမှ လူအင်အား၊ အချိန်နှင့်နေရာကို ကန့်သတ်ခဲ့သောကြောင့် ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးကို အကြောင်းကြားပြီး မူလစီစဉ်သည့်အတိုင်းသာ ပြုလုပ်ခဲ့သည်ဟု ဦးဆောင်သူ ဦးသူဇော်ကြည်ဝင်းက ဆိုသည်။

“ မြန်မာပြည်နဲ့ လက်ရှိအခြေအနေမှာ ပီအာရ်စနစ်ကို ကျင့်သုံးဖို့ မသင့်တော်သေးဘူး။ တပ်မတော်သား ၂၅ ရာ ခိုင်နှုန်းပါနေတဲ့ လွှတ်တော်မှာ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးမယ်ဆိုရင် တရား မျှတတဲ့ ပီအာရ် စနစ်မဖြစ်ဘူး”ဟု ကိုမြတ်ကျော်က ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ပီအာရ်ကိုကျင့်သုံးရန် အမျိုးသားဒီမိုကရေစီ အင် အားစု ပါတီမှဦးအောင်ဇင်က ပြည်သူ့လွှတ်တော်၊ ဒေါ်ခင်ဝိုင်းကြည်က အမျိုးသားလွှတ်တော်တွင်ယင်းသို့ ပြောင်းလဲ ကျင့်သုံးရန် အဆိုတင်သွင်းခဲ့သည်။

ဆန္ဒပြသူတို့က အာဏာရပါတီ စိတ်ကြိုက်ဖော်ဆောင်မည့် ပီအာရ်စနစ် အလိုမရှိ၊ မြန်မာပြည်မှ ပြည်သူ များ ပီအာရ်စနစ်မလိုလား၊ ပြည်သူ့ဆန္ဒ ဆန့်ကျင်သူ ပြည်သူ့ရန်သူစသည့် ဆိုင်းဘုတ် များကိုင်ဆောင် လှည့်လည် ကြသည်။