ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး သတ်ခံရသည့် အမှုနှင့်စပ်လျဉ်းပြီး ဖမ်းဆီးထားသူ ရဦးကို ထောင်ဒဏ် ရနှစ်စီ သဲတွဲခရိုင် တရားရုံးက အောက်တိုဘာ ၂၄ ရက်တွင် စီရင်ချက်ချလိုက်သည်။
၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အဆိုပါ အမှုကို နှစ်နှစ်ကျော်အကြာတွင် တောင်ကုတ်ဒေသခံ ခုနှစ်ဦးကို ယခုကဲ့သို့ စီချမှတ်လိုက်ခြင်း ဖြစ်သည်။
တရားခံအမှုလိုက်ရှေ့နေ ဒါ်နွေးနွေးငြိမ်းက “လူ ၁၀ ဦးသေဆုံးတာ မှန်ပေမယ့် ဘယ်သူဘယ်သူဘယ်ဝါ သတ်တယ်ဆိုတာ သက်သေခိုင်လုံမှု မရှိတဲ့အတွက် အမိန့်ချလိုက်ပေမယ့် ကျွန်မတို့ အယူခံဆက်တက်မှာ ဖြစ်ပါတယ်၊ ဥပဒေဘောင်အတွင်းက လုပ်နိုင်တာအားလုံး လုပ်သွားမှာပါ” ဟု ဆိုသည်။
၂၀၁၂ ခုနှစ် ဇွန်လ အတွင်းက ကျောက်နီမော်တွင် မသီတာထွေးသတ်ခံရမှု ဖြစ်ရပ်အပြီး ရက်ပိုင်းအတွင်း သံတွဲမြို့မှ ထွက်ခွာလာသော ခရီးသွားယဉ်ပေါ်ပါ အစ္စလာမ်ဘာသာဝင် ၁၀ ဦး တောင်ကုတ်မြို့အနီးတွင် သတ်ခံရခြင်း ဖြစ်သည်။
ယင်းအမှုကို တရားစွဲဆိုစဉ်က လူသတ်မှု ပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် တရားစွဲဆိုထားသော်လည်း စစ်ဆေးပေါ်ပေါက်ချက်နှင့် တရားလိုသက်သေ ခိုင်လုံမှုမရှိခြင်းကြောင့် ပုဒ်မ၃၂၅ (တုံးသော လက်နက်ဖြင့်သာ နာကျင်စေမှု) ဖြင့် စီရင်ချက်ချလိုက်ခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ် ဇွန်လ အတွင်းက ရခိုင်ပြည်နယ် ကျောက်နီမော်မြို့နယ်တွင် ပညာရေးဝန်ထမ်း တစ်ဦးဖြစ်သည့် မသီတာထွေး သတ်ခံရမှု ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်း မသီတာထွေး၏ ဓာတ်ပုံများနှင့် လှုံ့ဆော်စာများ တောင်ကုတ်မြို့တွင် ပြန့်နှ့ံခဲ့သည်။ ထိုရက်အတွင်းတွင် သံတွဲမြို့က ထွက်ခွာလာသော အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ၁၀ ဦးပါ ခရီးသွားယာဉ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ထိုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ရခိုင်နှင့် ဘင်္ဂါလီ အဖွဲ့အစည်းနှစ်ခုကြား အပြန်အလှန်တိုက်ခိုက်မှု ပဋိပက္ခများ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့ပြီး လူဦးရေ နှစ်ရာကျော် သေဆုံးကာ လူတစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
ထိုဖြစ်စဉ်များကို နောက်ကွယ်ကာကြိုးကိုင် သူများရှိခဲ့သည်ဟု အစိုးရက နိုင်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများကို ရှင်းလင်းခဲ့သော်လည်း ထိုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကြိုးကိုင်လှုံ့ဆော်သူများကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသေးပေ။