သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ ခရိုင် မိုင်းယန်း မြို့နယ် ကျိုင်းဟင် ရပ်ကွက်တွင် စည်ပင် သာယာ ၀န်ထမ်း ဦးသိန်းဇော်က မိမိ နေအိမ် အတွင်း ဗုံးခွဲရာ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။
အောက်တိုဘာလ ၂၃ ရက် နေ့ခင်းပိုင်းက မြို့နယ်တရားရုံးကအပြန် မိမိနေအိမ်အတွင်း ဗုံး ၂ လုံးပစ်ခွဲရာ တာချီလိတ်မှလာသော ဧည့်သည် တဦးအပါအဝင် စည်ပင်ဝန်ထမ်းတဦး၊ မိုင်းယန်းတပ် ခလရ ၂၈၁ တပ်ကြီး ဇနီးတဦး စုစုပေါင်း ၃ ဦးသေဆုံးကြောင်း မိုင်းယန်းမြို့ခံ စိုင်းခမ်းနုက ပြောသည်။
စည်ပင်ဝန်ဝမ်း ဦးသိန်းဇော်နဲ့ သူ့မိန်းမ ဒေါ်နန်းနုက အိမ်ထောင်ရေးအဆင်မပြေလို့ တရားရုံးအထိသွားရှင်း လာတာ။ အသိအသက်သေ အဖြစ် တာချီလိတ်ကအသိတွေနဲ့ မိုင်းယန်းက မိတ်ဆွေတွေကိုခေါ်သွားတာ။ အိမ်ပြန်ရောက်တော့ သူတို့ထမင်းစားဖို့ ပြင်နေချိန် ဦးသိန်းဇော်က ဗုံး ၂ လုံးပစ်လိုက်တယ်။ အိမ်ပေါ်မှာ ၂ ယောက်သေတယ်။ အိမ်ပေါ်တက် မယ့်တယောက် လည်ပင်းထိသွားပြီးထွက်ပြေးတာ လမ်းမ ပေါ်မှာ သေသွားတယ်။ ဦးသိန်းဇော်ကိုယ်တိုင်က အိမ်ပေါ်ကခုန်ဆင်းလို့ ခြေနှစ်ချောင်းလုံး ကျိုးသွားတယ်။ သူ့မိန်းမ ဒေါ်နန်းနုလည်း ဒဏ်ရာရပြီးဆေးရုံမှာအခု။ - ဟု ၎င်းကပြောသည်။
ယခုအခါ စည်ပင်ဝန်ထမ်း ဗုံးခွဲသူဦးသိန်းဇော်အား ကျိုင်းတုံအချုပ်ခန်းသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း ဇနီးသည် ဒေါ်နန်းနုလည်း မိုင်းယန်းဆေးရုံသို့ ပို့ဆောင် ကုသ ထားကြောင်း၊ ၄င်းအပြင် ဒဏ်ရာရသူ ၄ ဦးကိုလည်း ဆေးရုံသို့ပို့ ဆောင်ထားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပြသည်။
အသက် ၅၀ အရွယ် ဒေသခံ လုံးစိုင်းက- သူ့လက်ပစ်ဗုံးက စစ်ပွဲမှာသုံးတဲ့ လက်ပစ်ဗုံးမဟုတ်ဘူး။ ထူးခြားတယ်။ လုံးလုံး သေးသေးလေးတဲ့။ ဒါမယ့်ပြင်းတယ်။ စည်ပင်ဝန်ထမ်းတယောက်က လက်ပစ်ဗုံးဘယ်ကရလာသလဲ။ စဉ်းစားစရာပေါ့။ မြန်မာပြည်မှာ ဘယ်နေရာကြည့်ကြည့် ဗုံးပေါက်ရင်အမှိုက် ပုံးမှာချည်းဘဲ။ သေတာလဲ စည်ပင်ဝန်ထမ်းတွေချည်းဘဲ။ ဒါ တခုခုတော့တခုခုဘဲ- ဟု သုံးသပ်ပြောဆိုပါသည်။
မိုင်းယန်းမြို့သည် သံလွင်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဖက် ၁၀၂ ကီလိုမီတာအကွာတွင်တည်ရှိသည်။