အလွတ်သတင်းထောက် ကိုပါကြီးအသတ်ခံရမှု မွန်၊ ကရင် သတင်းထောက်များ ဆန္ဒပြမည်

အလွတ်သတင်းထောက် ကိုပါကြီးအသတ်ခံရမှု မွန်၊ ကရင် သတင်းထောက်များ ဆန္ဒပြမည်
by -
မဇ္စျိမ

အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးကို ဥပဒေမဲ့ ဖမ်းဆီးပစ်သတ်ခဲ့သည့် မွန်ပြည်နယ် ကျိုက်မရောမြို့ တပ်ရင်း ၂၀၈ကို အရေးယူပေးရန် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် သတင်းထောက်များက ဆန္ဒပြတောင်းဆိုရန် စီစဉ်နေကြောင်း မဇ္စျိမကို ပြောသည်။

နယ်စည်းမခြားသတင်းထောက်ကဒ် ကိုင်ထားသူ ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးကို တပ်မတော်မှ သူပုန် တစ်ဦးဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ခဲ့ပြီး အပြစ်မဲ့သတ်ခဲ့သောကြောင့် ဥပဒေမဲ့ပြုလုပ်ခဲ့သည့် တပ်ရင်း ၂၀၈ကို အရေးယူပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ဆန္ဒပြရန်စီစဉ်သူ မြန်မာပို့စ် ဂလိုဘယ်ဂျာနယ်မှ ဘားအံ သတင်းထောက် ကိုဇော်ရဲထက် ကဆိုသည်။

“စစ်တပ်ဆိုတာ ပြည်သူလူထုကို ကာကွယ်ဖို့ ဖွဲ့စညး်ပုံမှာပြဋ္ဌာန်းထားပါတယ်။ ခုတော့ အပြစ်မဲ့လည်း ဖမ်းဆီးတယ် အသတ်လည်းခံရတယ်ဆိုတော့ စစ်တပ်က ဥပဒေကို ချိုးဖောက်တဲ့အတွက် အရေးယူဖို့တောင်း ဆိုမှာပါ။ ”ဟု ၎င်းကပြောသည်။

ထို့ပြင် ကိုပါကြီးသည် ၂၀၁၀ နောက်ပိုင်းတွင် အလွတ်သတင်းထောက်အဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ သူဖြစ်ကြောင်းကို ကရင်နှင့် မွန်ပြည်နယ်မှ သတင်းထောက်များက သက်သေခံနိုင်ကြောင်း သတင်းထောက် ကိုဇော်ရဲထက်ကဆိုသည်။

ကိုပါကြီးသည် ကလို့ထူးဘော ကရင်အစည်းအရုံး (KKO) စောဆန်းအောင် အဖွဲ့မှ ဗိုလ်ကြီးအဆင့် ပြန် ကြားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး တပ်မတော်မှ ဖမ်းဆီးထားစဉ် ကင်းစောင့်စစ်သားထံမှ လက်နက် လုယူထွက်ပြေးသောကြောင့် ကင်းစောင့်စစ်သားမှ ပစ်ခတ်ဖမ်းဆီးရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွား ခဲ့သည်ဟု ကာကွယ်ရေးဦးစီးဌာနမှ အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး အသတ်ခံရမှုသည် တပ်မတော်မှ လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်လိုက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဖြေရှင်းပေးရန် တိုင်ကြားသွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေးဆောင်ရွက်သူ equality Myanmar အဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

ထို့ပြင် ကိုပါကြီး အသတ်ခံရမှုအတွက် ဖြေရှင်းပေးရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့နှင့် ပူးပေါင်းကာ အောက်တိုဘာ ၂၆ ရက် ညနေ လေးနာရီခန့်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြတောင်းဆို မည်ဖြစ်ကြောင်း ဆန္ဒြုပရန်စီစဉ်နေသူ ကိုမိုဃ်းသွေးကဆိုသည်။