အင်းအမျိုးသားနေ့ သတ်မှတ်ရေး တောင်းဆို
စတုတ္ထအကြိမ် အင်းသားဆုံဆည်းရာနေ့ကို အောက်တိုဘာ ၂၃ ရက်က ဖောင်တော်ဦးဘုရား ကုန်းမြေပေါ်တွင် စတင်ကျင်းပနေပြီ ဖြစ်သည်။
ယင်းပွဲတွင် အင်းအမျိုးသား အလံကိုလည်း ပထမဆုံးအကြိမ် ထုတ်ဖော် ပြသလိုက်ပြီး အင်းအမျိုးသားနေ့ သတ်မှတ်နိုင်ရန် တောင်းဆိုမှု စတင်မည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။
“မကြာမီ လွှတ်တော်ကို တင်တော့မယ့် တိုင်းရင်းသားများရပိုင်ခွင့်နဲ့ ကာကွယ်တဲ့ ဥပဒေမှာလည်း တိုင်းရင်းသား အခွင့်အရေး တွေရလာတဲ့အခါ ပြည်သူလူထု အားယူပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆောင်ရွက်သွားမယ်” ဟု ၎င်းက ပြောသည်။
အင်းအမျိုးသားနေ့ဖြစ်ပေါ်လာရန် အားလုံးဝိုင်းဝန်းကြိုးစားရန် စီစဉ်ထားသည်ဟုအင်းသားဆုံဆည်း ရာနေ့ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်ကျော်က ပြောသည်။
အင်းအမျိုးသားအလံတွင် ၀ါ၊ နီ၊ စိမ်း အရောင်သုံးရောင်ပါ၀င်ပြီး အလည်စက် ၀ိုင်းဖြူတွင် ကရဝိက်ပုံ ပါ၀င်သည်။
“လူမျိုးတစ်မျိုးမှာ တံခွန်ဆိုတာ ရှိပါတယ်၊ အလံဆိုတာလည်း တံခွန်ပါပဲ ၊အမျိုးဂုဏ်ကို ဖော်ကျူးတဲ့အနေနဲ့ အင်းအမျိုးသားအလံကို အစည်းအဝေးလေးကြိမ်ထိုင် ပြီး ဆရာတော်ကြီးများရဲ့ သြဝါဒနဲ့ ထုတ်ဖော်ပြသ ခြင်းဖြစ်တယ်”ဟု ဦးဝင်းမြင့်က ပြောသည်။
အင်းအမျိုးသားများ အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ကိုးကွယ်သည့် ဗုဒ္ဓဘာသာ၊ အင်းလူမျိုးတို့၏ ရဲရင့်မှု၊ အင်းလေးကန်၏ စိမ်းလန်းမှုနှင့် ဖောင်တော်ဦးဘုရားတို့ကို အလံက ဖော်ညွှန်းသည်ဟု အင်းစာပေနှင့် ဒေသ ဖွ့ံဖြိုးတိုးတက်ရေး အသင်းဗဟို ကော်မတီဦးစီးအဖွဲ့ဝင် ဦးသာဒိုးက ပြောသည်။