ထိုင်း လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး၏ ဝန်ခံချက် ပြန်လည်ပယ်ဖျက်

ထိုင်း လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး၏ ဝန်ခံချက် ပြန်လည်ပယ်ဖျက်
by -
မဇ္စျိမ

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် ဗြိတိန်စုံတွဲ သတ်ခံရသည့် အမှုတွင် ဖြောင့်ချက်ပေး ဝန်ခံပြောကြားခဲ့သည့် မြန်မာနိုင်ငံသားနှစ်ဦး၏ ဝန်ခံပြောကြားချက်များကို ပြန်လည်ရုပ်သိမ်းမည်ဟု ၎င်းတို့၏ ရှေ့နေက ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၂၁ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။

ယခင်ကာလများက ဗြိတိန်နိုင်ငံသား စုံတွဲနှစ်ဦးကို သတ်ခဲ့သည်ဟု ဝန်ခံခဲ့သည့် မြန်မာနိုင်ငံသားနှစ်ဦးသည် ၎င်းတို့ လူသတ်မှု ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ယခုအချိန်တွင် ပြောကြားခဲ့ပြီး မည်ကဲ့သို့ ဖြစ်ပျက်ခဲ့သည် ကို လည်း မသိရှိကြောင်း ပြောကြားခဲ့သည်ဟု ၎င်းတို့၏ ရှေ့နေများက ဆိုသည်။

Thailan-Suspects-8

အသက် ၂၄ နှစ် အရွယ်ရှိ ဒေးဗစ်မေလာနှင့် အသက် ၂၃ နှစ်အရွယ်ရှိ ဟန်နာဝတ်သာရစ် တို့၏ ရုပ်အလောင်းများကို စက်တင်ဘာလ အတွင်းက ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်ပြီး ဗြိတိန်မှ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း ထိုင်းရဲတပ်ဖွဲ့မှ စိတ်ပူရန်မလိုကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ရဲတပ်ဖွဲ့မှ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု များ ပြုလုပ်ထားသည့် သက်သေများ တွေ့ရှိခဲ့ရသည်ဟု အောက်တိုဘာ ၂၀ ရက်က ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးဆိုင်ရာကော်မရှင်မှ ပြောကြားခဲ့သည်။

ဗြိတိန်စုံတွဲ၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး မကြာသောအချိန်တွင်ပင် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးအား သံသယရှိသူများအဖြစ် ထိုင်းရဲတပ်ဖွဲ့က သတ်မှတ်ခဲ့ပြီး အဓ္ဓမပြုကျင့်မှု၊ လူသတ်မှု၊ ဓါးပြတိုက်မှုတို့ဖြင့် ဖမ်းဆီးခဲ့သည်။ ၎င်းတို့နှစ်ဦးသည် အပစ်ရှိကြောင်း တွေ့ရှိခဲ့ပါက သေဒဏ်ကျခံရနိုင်ဖွယ်ရှိသည်။

မြန်မာနိုင်ငံသားနှစ်ဦးအတွက် ခုခံကာကွယ်မည့် ရှေ့နေအား ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သား ထောက်ပံ့ရေး အဖွဲ့မှ ခန့်အပ်ပေးခဲ့ခြင်းဖြစ်သည်။

ဒေးဗစ်မေလာသည် ဦးခေါင်းတွင် ရိုက်နှက်ခံထားရပြီး ရေနစ် သေဆုံးခဲ့ကာ ဝတ်သာရစ်သည် ဦးခေါင်း ဒဏ်ရာကြောင့် သေဆုံးခဲ့ကြောင်း သေပြီးသူအလောင်းအား ခွဲစိတ်စစ်ဆေးမှု မှတ်တမ်းတွင် ဖော်ပြထားသည်။

Most read this week