စည်ပင်ရွေးကောက်ပွဲ ဦးဝင်းချို ဝင်ပြိုင်မည်

စည်ပင်ရွေးကောက်ပွဲ ဦးဝင်းချို ဝင်ပြိုင်မည်
by -
မဇ္စျိမ

နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း ပထမဆုံး ပြည်သူများ မဲပေးရွေးချယ်ခွင့်ရမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဝင်းချို ဝင်ရောက် အရွေးခံမည်ဖြစ်သည်။

“လျှောက်လွှာ ယူပြီးသွားပါပြီ” ဟု ဦးဝင်းချိုက အောက်တိုဘာ ၂၁ရက်တွင် ပြောသည်။ လာမည့် ဒီဇင်ဘာ ၂၄ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် စီစဉ်ခြင်းဖြစ်သည်။

U-Win-Cho-2

ဦးဝင်းချိုသည် မီတာခတိုးမြှင့် ကောက်ခံခြင်းမပြုရန်  ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုကြောင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် သုံးလ ချမှတ်ခံရပြီး အောက်တိုဘာ ၂၀ရက် နံနက်ပိုင်း တွင် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ရေးဆွဲထားသည့် ရွေးကောက်ပွဲနည်းဥပဒေတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ရွေးကောက်ပွဲတစ်ရပ် ပြုလုပ်၍ ကော်မတီဝင်ကိုးဦး ခန့်အပ်ရမည်ဟု ပြဌာန်းထားသည်။

သို့သော် ကော်မတီဝင် ကိုးဦးတွင် လေးဦးကိုသာ ပြည်သူလူထုက ရွေးချယ်ခွင့်ရမည်ဖြစ်ပြီး မြို့တော်ဝန်ကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ကာ ကျန်လေးဦးကို မြို့တော်ဝန်က ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ ခန့်အပ်ရမည်ဖြစ်သည်။

“ကျွန်တော်တို့ သာမန်ပြည်သူတွေလည်း ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်တယ်။ ဗိုလ်မှူးကြီးရာထူး မဟုတ်လည်း ပြည်သူ့အကျိုးကို သယ်ပိုးနိုင်တယ် ဆိုပြီးတော့ စီမံခန့်ခွဲနိုင်စွမ်းရှိတယ်လို့ ပြောချင်လို့” ဟု အသက် ၅၈ နှစ်အရွယ် ဦးဝင်းချိုက ပြောသည်။

သူသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းလွှတ်တော်အတွက် ဒလမြို့နယ် မဲဆန္ဒနယ်က ဝင်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။ ၁၉၈၈ခုနှစ်အရေးအခင်းတွင် မြို့မရွာ သင်္ဘော(Bosun)တွင် တာဝန်ထမ်းဆောင်ရင်း စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးအား ဆန္ဒပြသည့် အဖွဲ့ခေါင်းဆောင်အဖြစ် ပါ၀င်သည်။

Most read this week