ဗြိတိန်စုံတွဲကို သတ်သည်ဟူသော ထွက်ချက် မြန်မာနိုင်ငံသားနှစ်ဦးထံမှ ရထားကြောင်း ထုတ်ဖော်ပြောဆို ထားသည့် ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုအတွင်း နှိပ်စက်ညှင်းပမ်းမှုများရှိခဲ့၍ အရေးယူပေးရန် ထိုင်းလူ့အခွင့် အရေး ကော်မရှင်ထံသို့ မြန်မာသံရုံးဦးဆောင်သည့် စုံစမ်းရေး အထူးအဖွဲ့က တောင်းဆိုသွားမည်ဟု စုံစမ်းရေးအထူးအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးအောင်မျိုးသန့်က အောက်တိုဘာ ၂၀ ရက်နေ့တွင် မဇ္စျိမကို ပြောသည်။
ထိုင်းလူ့အခွင့်အရေးကော်မရှင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် အောက်တိုဘာ ၂၁ ရက်နှင့် ၂၂ ရက် တွေ့ဆုံစဉ် တောင်းဆိုသွားမည်ဟု ၎င်းက ဆိုသည်။
“ကလေးတွေကို နှိပ်စက်တာတွေ နောက်မလုပ်အောင်လို့ ကော်မရှင်ကတစ်ဆင့် ရဲကို သတိပေးခိုင်း ဖို့ ဆွေးနွေးမယ်။ နိုင်ငံတကာ ဥပဒေတိုင်းမှာ ညှင်းပမ်းနှိပ်စက်လို့ မရပါဘူး” ဟု ဦးအောင်မျိုးသန့်က ဆိုသည်။
လူသတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦးမှာ ရင်ဘတ်နာကျင်သည့်ဝေဒနာ ခံစားနေရသည်ဟု ထိုင်းမီဒီများကလည်း ဖော်ပြခဲ့သည်။
ယင်းကြောင့့် ထိုင်းလူ့အခွင့်အရေး ကော်မရှင်ကလည်း စွပ်စွဲခံရသူ နှစ်ဦး၊ ထိုင်းရဲ၊ တရားလိုပြသက်သေ များနှင့် မြန်မာသံရုံး အထူးအဖွဲ့တို့နှင့် တွေ့ဆုံကာ မေးမြန်းရန် စီစဉ်ခြင်းဖြစ်သည်ဟု မြန်မာသံရုံးအထူးအဖွဲ့ တာဝန်ရှိသူတို့က မဇ္ဈိမကို ပြောထားသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း ထိုင်းနိုင်ငံတွင် လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထား ရသော မြန်မာနိုင်ငံသားနှစ်ဦးအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက် ညှင်းပမ်းနှိပ်စက်ခြင်းများ မပြုရန်၊ တရားဥပဒေအရ မှန်ကန်မျှတသည့် အခွင့်အရေးများရရှိရေး ဆောင်ရွက်ပေးရန် ထိုင်းလူ့အခွင့် အရေး ကော်မရှင်ထံသို့ စာပို့အကြောင်းကြားမည်ဟု ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောသည်။