ရုပ်သံလွှင့် ဥပဒေကြမ်းသည် သတင်းမီဒီယာများကြား တန်းတူညီမျှသည့် အခွင့်အရေးရရှိနိုင်ရန် အာမခံချက်မရှိသည့်အပြင် ရုပ်သံလွင့်အလုပ်ကို စတင်လုပ်ကိုင်မည့် သူများအတွက် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်သည်ဟု DVBသတင်းဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း ကသုံးသပ် ပြောကြားလိုက်သည်။
Green Hill ဟိုတယ်တွင် အောက်တိုဘာ ၁၈ ရက်က ပြုလုပ်သည့် Broadcast Media Dialogue (ရုပ်သံမီဒီယာဆွေးနွးပွဲ) အပြီးတွင် မဇ္စျိမကို ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးခင်မောင်ဝင်းက “တန်းတူညီမျှမှုရှိတဲ့ မီဒီယာဌာန၊ တန်းတူညီမျှတဲ့ အခွင့်အရေးအတွက် အာမခံမထားဘူး။ ဘာဖြစ်လဲ ဆိုတော့ အခွင့်အရေးရထားတဲ့သူက အခွင့်အရေး ပိုရနိုင်တယ်။ အခုမှ ဒီလောကထဲဝင်မယ့် သူတွေက အခက်အခဲဖြစ်နိုင်တဲ့ အခြေအနေရှိနိုင်တယ်” ဟုပြောသည်။
ရုပ်သံလွှင့်ဥပဒေကြမ်းတွင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဇုန်တစ်ခု၌ ပုဂ္ဂလိက သတင်းစာလုပ်ငန်း၊ ပုဂ္ဂလိက ရုပ်မြင်သံကြား၊ အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများကို ပူးတွဲလုပ်ကိုင်ခွင့် မပြုဆိုသော အချက်ဖြင့် မီဒီယာလုပ်ငန်းများနှင့် ပတ်သတ်၍ လုပ်ငန်းစုံ( ရုပ်သံ၊ ပုံနှိပ်) လုပ်ကိုင်ခွင့်ကို ကန့်သတ်ထားသည်။
ဦးဖေဖြင့်က “ကျွန်တော်တို့ထက်ပိုပြီး နားလည်တဲ့ဘက်က ရုပ်သံဘက်ကလူတွေ ပြောနေတာကတော့ ဥပဒေကြမ်းမှာ မျှတတဲ့ပြိုင်ဆိုင်မှု မဖြစ်ဘူးဆိုတာပြောတယ်။ နောက်တစ်ခုက ပုံနှိပ်မီဒီယာလုပ်တဲ့သူက ရုပ်သံမီဒီယာ ပိုင်ဆိုင်ခွင့်မရှိဘူးတဲ့ ပြဿနာတစ်ခုရှိတယ်။ ”ဟုပြောသည်။
ယင်းအချက်သည် မီဒီယာကို ကုမ္ပဏီတစ်ခု (သို့မဟုတ်) တစ်ဦးတစ်ယောက်၏ လက်ဝါးကြီးအုပ်မှု မခံရစေရန် ဆိုသည့် အကြောင်းပြချက်ဖြင့် ကန့်သတ်ထားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း(လှည်းကူးမဲဆန္ဒနယ်)က “ဥပဒေပြုဆိုတာက ပြည်သူအား လုံး၊ သက်ဆိုင်တဲ့သူ အားလုံးကို လွတ်လွတ်လပ်လပ် ပြုလုပ်ခွင့်ပေးထားတဲ့အရာပါ။ ချုပ်ချယ်ထားတာမျိုး မဟုတ်ပါဘူး”ဟုပြောသည်။
ရုပ်သံလွှင့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ ဆွေးနွေးရန် ရောက်ရှိလာပါက ပြည်သူ့အသံ၊ ရုပ်သံလုပ်ငန်း လုပ်ကိုင်နေကြသည့် သူများ၏ အသံကို နားထောင်ကာ အားလုံးလက်ခံသည့် ဥပဒေဖြစ်ရန် လုပ်ဆောင် သွားမည်ဟုလည်း ၎င်းကဆိုသည်။
ရုပ်သံလွှင့် ဥပဒေကြမ်း အရ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်ခွင့်ရပါက လိုင်စင်ကြေး ပေးသွင်း၍ လိုင်စင်လျှောက် ရမည်ဟု သတ်မှတ်ထားသော်လည်း အများပြည်သူဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ စီးပွားဖြစ် မဟုတ်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ် လွှင့်ဝန်ဆောင်မှုလုပ်ငန်း၊ ဌာနပိုင်ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှုလုပ်ငန်း တို့ကို လိုင်စင်ကြေးပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုရမည်ဟု ပါ၀င်သည်။
အဆိုပါဥပဒေကြမ်း အခန်း ၈ ပုဒ်မ၅၂တွင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဇုန်တစ်ခုတွင် ပုဂ္ဂလိကသတင်းစာ လုပ်ငန်းနှင့် ပုဂ္ဂလိက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများ ပူးတွဲပိုင်ဆိုင်ခြင်းကို ခွင့်မပြုဟု ပါရှိသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကလည်း ရုပ်သံလွှင့်ခြင်းဆိုင်ရာ ဥပဒေတွင် အစိုးရက ဆက်လက်ချုပ်ကိုင်နိုင်မည့် ပြဌာန်းချက်များပါ၀င်မှု မရှိစေရန်နှင့် လွတ်လပ်ပြီး တရားမျှတမှု ရှိသည့် ဥပဒေဖြစ်စေရန် လွှတ်တော်သို့ တိုက်တွန်းသွားမည်ဟု မဇ္စျိမ၏ အင်တာဗျူးတစ်ခုတွင် ဖြေကြားထားသည်။
လက်ရှိတွင် ပုဂ္ဂလိက နေ့စဉ် သတင်းစာများအဖြစ် မဇ္စျိမသတင်းစာ၊ Daily Eleven သတင်းစာ၊ 7Day သတင်းစာ၊ Voice သတင်းစာ၊ စံတော်ချိန်သတင်းစာ၊ ဒီမိုကရေစီတူဒေး သတင်းစာ၊ ပြည်ထောင်စုနေ့စဉ် သတင်းစာ၊ Massenger သတင်းစာ၊ ပြည်မြန်မာနေ့စဉ်သတင်းစာ၊ လူထုမော်ကွန်းသတင်းစာ စသဖြင့် ၁၀စောင့်ဝန်းကျင် ရှိသည်။
အမျိုးသားလွှတ်တော်တွင် ရုပ်သံလွှင့်ဥပဒေကြမ်းကို အောက်တိုဘာ ၁၄ ရက်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ ပြီး ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။