ပဲခူးတိုင်း၊ ပြည်မြို့ရှိ ခေတ္တရာတိုးချဲ့ စက်မှုဇုန်အတွင်း ကျူးကျော်နေအိမ် ၁၄ လုံး ဖယ်ရှားရန် ညွှန်ကြားထားမှု သတ်မှတ်ရက် ပြည့်ပြီဖြစ်သော်လည်း ဆိုင်းငံ့ထားဦးမည်ဟု စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဌေးက ပြောသည်။
“သူတို့ဆီက မှတ်တမ်းယူပြီး ကြီးကြပ်ရေးကော်မတီကို ပြန်လည်တင်ပြမယ်”ဟု ၎င်းက ပြောသည်။
၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးက စက်မှုဇုန်ရှိ ကျူးကျော်နေအိမ် များကို တရားစွဲဆိုဖယ်ရှားရန် စက်မှုဇုန် ကြီးကြပ်ရေးကော်မတီမှတစ်ဆင့် စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ သို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကော်မတီက စက်မှုဇုန်အတွင်း ကျူးကျော်နေအိမ်များစာရင်း ပြုစုကာ အိမ်ပိုင်ရှင်များနှင့် တွေ့ ဆုံ ဆွေးနွေးခဲ့သည်ဟု ဦးတင်ဌေးက ပြောသည်။ ယင်းနောက် အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား ရန် သတ်မှတ်ခဲ့သော်လည်း ကျူးကျော်အိမ်ပိုင်ရှင်တို့ ဖယ်ရှားပေးနိုင်ခြင်းမရှိ၍ ကော်မတီက ဆိုင်းငံ့ထား ရန် ဆုံးဖြတ်လိုက်ခြင်းဟု ဆိုသည်။
ကျူးကျော် အိမ်ပိုင်ရှင်တစ်ဦးဖြစ်သူ မလှသူခိုင်က “နေစရာမရှိတော့ တရားစွဲမယ်ဆိုရင်လည်း ရသရွေ့ နေသွားမှာဘဲ။ အစိုးရအနေနဲ့ တန်ဖိုးသတ်မှတ်ပြီး တစ်လတစ်သောင်းဖြစ် တစ်သောင်းသွင်းခိုင်းတာမျိုး လုပ်ပေးစေချင်တယ်”ဟု ပြောသည်။
စက်မှုဇုန်စီမံခန့်ခွဲမှု ဥက္ကဋ္ဌကမူ ကော်မတီသည် ကြားဝင်ဆောင်ရွက်သူသာဖြစ်ပြီး အာဏာပိုင်မဟုတ်၍ တရားစွဲဆိုမှုကို တာဝန်ခံဆောင်ရွက် မည်မဟုတ်ဟု ပြောသည်။ နဝဒေးတိုးချဲ့ စက်မှုဇုန်တွင် အမှုန့် ကြိတ်စက်၊ ရေသန့် စက်၊ ပဲခွဲစက်၊ ကွန်ကရစ်ကျောက်တိုင် လုပ်ငန်းစသော အသေးစားစက်မှု လုပ်ငန်းများ လည်ပတ်နေသည်။