တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး သွပ်မိုးထရံကာ နေအိမ်တစ်လုံး ပြိုကျရာမှ လူငါးဦး အောက်တိုဘာ ၁၇ ရက် ညနေ ၆ နာရီခွဲခန့်က သေဆုံးခဲ့သည်ဟု ကျောင်းကြီးစုရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက မဇ္စျိမကို အတည်ပြုပြောသည်။
ဖြစ်ပွားပုံမှာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အရှေ့ပင်စင်၊ နယ်မြေ (၁၀)၊ ခွာညိုလမ်းသွယ်ရှိ ဒေါ်ရှမ်း မ ဆိုသူ၏ အိမ်၌ ကာရံထားသည့် အုတ်တံတိုင်းကျောက်ရိုးသည် ရေအရှိန်ဖြင့် ပြိုကျပြီး နေအိမ်ပါ ထပ်မံပြို ကျကာ လူများ မြေကြီးထဲသို့ နစ်မြုပ်ပိတ်မိခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားရာ နေရာ ရောက်နေသည့် ရဲအရာရှိက မဇ္စျိမကို ပြောသည်။
ယင်းပြိုကျသည့် အုတ်ပုံနှင့် အိမ်မြေသားအောက်မှ ည ရနာရီခန့်တွင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး မြေကော်စက်များဖြင့် ဆက်လက်ရှာဖွေရာ ဆယ်တန်းကျောင်းသူတစ်ဦး၊ အဋ္ဌမတန်း ကျောင်းသားတစ်ဦးနှင့် ဆဋ္ဌမတန်း ကျောင်းသူတစ်ဦး ဒဏ်ရာများဖြင့် တွေ့ရှိခဲ့သည်။
"သေသွားတဲ့ လူတွေထဲမှာ မိုင်းတုံက ဧည့်သည် အမျိုးသမီး သုံးယောက်ပါသွားတယ်၊ မိုးကလည်း တအားကောင်းတော့ ရေအရှိန်နဲ့ ဖြစ်သွားတာ၊ မြေက လည်း မြေပျော့ဆိုတော့လေ” ဟု အခင်းဖြစ်ပွားရာ အိမ်နှင့်ကပ်လျက်ရှိ အိမ်ရှင်တစ်ဦးက မဇ္စျိမကိုပြောသည်။
ဒဏ်ရာရသူများကို တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ ပို့ဆောင်ပေးခဲ့ကြသည်။ လူရှာဖွေခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ည ၈း၃၀ တွင် ပြီးစီးသည်။
ယင်းနေရာသို့ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အခြားကုသိုလ်ဖြစ် နာရေးကူညီမှု အသင်းများ ကယ်ဆယ်ရေးအဖွဲ့များမှ ဝိုင်းဝန်း၍ မြေကော်စက်များနှင့် လူအား၊ စက်အားဖြင့် ဝိုင်းဝန်းရှာဖွေ ကူညီကယ်ဆယ်ပေးခဲ့ကြသည်ကို တွေ့မြင်ရသည်။
ယင်းဖြစ်စဉ်ကို တောင်ကြီးမြို့၊ မြို့မရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။