အင်္ဂလိပ်လက်အောက်သို့ ကိုလိုနီအဖြစ် မြန်မာနိုင််ငံ ကျရောက်စဉ်ဗြိတိသျှအစိုးရက လွတ်လပ်ရေးအတွက် ကြိုးပမ်းကြသည့်တော်လှန်ရေးသမားများနှင့် နိုင်ငံရေးသမားများ၏ လှုပ်ရှားမှုများကို ဟန့်တား၊တားဆီးနိုင်ရန် ရည်ရွယ်၍ ၁၈၇၅ ခုနှစ်တွင် နိုင်ငံတော် အကာအကွယ်ပေးရေး ဥပဒေState Protection Law အဖြစ် ပြဋ္ဌာန်းကျင့်သုံးခဲ့သည်။ ထိုဥပဒေကို ၁၉၇၅ခုနှစ်တွင် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေအဖြစ် ဖြည့်စွက်မွန်းမံ၍ပြန်လည်ပြဋ္ဌာန်းခြင်း ဖြစ်သည်။
နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေသည်မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် ဆိုရှယ်လစ် စီးပွားရေးစနစ်ကို အကာအကွယ်ပေးရန်၊ ဦးနေဝင်း၏ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ချီတက်နေသည့်ဆိုရှယ်လစ် လမ်းစဉ်ကို အကောင်အထည်ဖော်ရာတွင် ဟန့်တားနှောင့်ယှက်မည့်သူများအား အရေးယူနိုင်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါဥပဒေဖြင့် နိုင်ငံသားတဦးတယောက်၏ မူလအခွင့်အရေးများကို တားမြစ်ကန့်သတ်အရေးယူမည်ဆိုပါက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့်ဝန်ကြီးအဖွဲ့နှင့် နိုင်ငံတော်ကောင်စီတို့၏ ခွင့်ပြုချက်ဖြင့်ကျင့်သုံးဆောင်ရွက်ရပြီး၊ အနီးကပ်ဆုံး ပြည်သူ့လွှတ်တော်သို့ တင်ပြ၍အတည်ပြုချက် ရယူရသည်။ ထို့ကြောင့် နိုင်ငံသားတဦး၏ မူလအခြေခံ အခွင့်အရေးများကို ကန့်သတ်တားဆီးမိန့် ထုတ်ပြန်မည့်သူသည် အစိုးရအဖွဲ့ဖြစ်ရန် လိုသည်။ တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံပြဋ္ဌာန်းချက်များနှင့်အညီ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရအဖွဲ့၏အင်္ဂါရပ်နှင့် ညီညွတ်ရန် လိုသည်။ သို့မှသာ ၁၉၇၅ ခုနှစ် နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ကျင့်သုံးနိုင်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အားနိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးမည့်သူများ၏ ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်သည့် သူများ၏ ဥပဒေပုဒ်မ ၁ဝ (ခ) ဖြင့် အရေးယူ၍မူလအခွင့်အရေးများကို ကန့်သတ်တားဆီးခဲ့သည်။ ထို့နောက်ကန့်သတ်တားဆီးမိန့်များကို ဖောက်ဖျက်သည်ဟုဆိုကာ ပုဒ်မ ၂၂ ဖြင့်ဆက်လက်အရေးယူပြီး အမှုစစ်ဆေးသည်မှာ စီရင်ချက်နှင့် အမိန့်ချမှတ်မည့်အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
တရားလိုပြသက်သေမြန်မာနိုင်ငံသတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းကို စစ်ဆေးရာတွင် ရုံးရှေ့ရှိ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရကန့်သတ်မိန့်၊ တားဆီးမိန့်များနှင့် တားဆီးခံထားရသူဖြစ်ကြောင်း၊ကန့်သတ်မိန့်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထားသောမူလအခွင့်အရေးများထဲက ပုဒ်မ ၁၄၈ (ဂ)၊ ၁၅၇၊ ၁၅၈၊ ၁၅၉ (က) (ခ) နှင့် ၁၆ဝတို့တွင် ပါရှိသည့် မူလအခွင့်အရေးများကို ကန့်သတ်ထားခြင်းဖြစ်ကြောင်း၊ယင်းသို့ ကန့်သတ်ထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် မည်သူတစုံတဦးကိုမျှတွေ့ဆုံခြင်း၊ ဆက်သွယ်ခြင်း၊ လက်ခံစကားပြောဆိုခြင်း၊ ညအိပ်ညနေတည်းခိုခွင့် ပြုလုပ်နိုင်သည့် အခွင့်အရေးများ မရှိကြောင်း၊ စသဖြင့်သီးသန့်ခုံရုံးရှေ့တွင် ထွက်ဆိုခဲ့သည်။
နအဖအာဏာသိမ်းအစိုးရအနေဖြင့် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို ကျင့်သုံးခွင့် ရှိ၊ မရှိကိုဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ သုံးသပ်ရန် လိုအပ်လာပေသည်။
ဥပဒေအရတည်ထောင်ထားသော အစိုးရကို ပြစ်မှုဆိုင်ရာ ဥပဒေတွင် The Government established by Law ဟု ဖော်ပြထားသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ယခု နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကို ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှမြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုထားသော အစိုးရ ဖြစ်ပါသည်။ သို့သော်ယင်းသို့ အသိအမှတ်ပြုထားသည့်အတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရ (The Government established by Law)ဖြစ်မလာပါ။
အစိုးရဟူသည့်စကားရပ်နှင့်ပတ်သက်၍ ပြစ်မှုဆိုင်ရာဥပဒေ၊ အခန်း (၂) အရပ်ရပ်ဆိုင်ရာရှင်းလင်းချက်များ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တွင် အစိုးရဆိုသည်မှာပြည်ထောင်စု မြန်မာနိုင်ငံ တဝှမ်းလုံးတွင် မည်သည့်အရပ်၌မဆို ဥပဒေအရအုပ်ချုပ်မှုအာဏာ ရရှိသောသူတဦးကို ဖြစ်စေ၊ အများကို ဖြစ်စေဆိုလိုသည်ဟုရှင်းလင်းဖော်ပြထားသည်ကို တွေ့ရမည် ဖြစ်သည်။
ဥပဒေပြဋ္ဌာန်းချက်များအရနအဖ သည် ဥပဒေအရ တည်ထောင်ထားသည့် အစိုးရတရပ် မဟုတ်ကြောင်းကိုအောက်ပါအချက်များအရ အထင်အရှား တွေ့ရှိရမည် ဖြစ်သည်။
၁၈-၉-၁၉၈၈ရက်စွဲပါ ကြေညာချက်အမှတ် ၁/၈၈ တွင် နိုင်ငံတဝှမ်းလုံးတွင် အဖက်ဖက်မှယိုယွင်းနေသော အခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ရန်အတွက် ပြည်သူပြည်သားအားလုံး အကျိုးငှာ တပ်မတော်သည် အောက်ပါ လက်ငင်းတာဝန်များကိုထမ်းဆောင်ရန် ယနေ့မှစ၍ နိုင်ငံတော် အာဏာအရပ်ရပ်ကို လုံးဝ တာဝန်ယူလိုက်သည်။ထိုနေ့မှာပင် နိုင်ငံတော် အာဏာပိုင်အဖွဲ့အစည်းများကိုဖျက်သိမ်းကြောင်းနှင့် ဒုတိယ ဝန်ကြီးများကို တာဝန်မှ ရပ်စဲကြောင်း ၂/၈၈ဖြင့် ကြေညာခဲ့သည်။
၂ဝ-၉-၁၉၈၈ ရက်စွဲပါ ကြေညာချက်အမှတ် ၄/၈၈ တွင်နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ တာဝန်ပေးချက်အရ အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော အုပ်ချုပ်ရေးအစိုးရအဖွဲ့ကို ယနေ့မှ စတင်၍ဖွဲ့စည်းလိုက်သည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ယခု နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွ့ံဖြိုးရေးကောင်စီ၏ အုပ်ချုပ်ရေးအစိုးရအဖွဲ့ကို ကြေညာချက်များဖြင့်ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဥပဒေအရဖွဲ့စည်းတည်ထောင်ထားသည့် အစိုးရမဟုတ်ကြောင်း ထင်ရှားစွာတွေ့ရှိနိုင်ပါသည်။
ထို့အပြင် -
(က) ၄၅ နှစ်မြောက်တော်လှန်ရေးနေ့ဖြစ်သော ၂၇-၃-၁၉၉ဝ ရက်နေ့ စစ်ရေးပြအခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ မိန့်ခွန်းတွင် ယနေ့ အစိုးရသည်ရွေးချယ်တင်မြှောက်ခံရသည့် အစိုးရမဟုတ်၊ တပ်မတော်အစိုးရ၊ဘာသာပြန်ဆိုချက်တွင် We are not elected government. We are a military government ဟု တွေ့ရပါသည်။
(ခ) ၂ဝဝ၅ ခုနှစ် မတ်လ ၁၅ ရက်နေ့နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးကော်မတီက သတင်းစာရှင်းလင်းပွဲ၊ စာမျက်နှာ ၂ တွင် တိုင်းပြည်၏ လိုအပ်ချက်အရ၁၉၈၈ ခုနှစ်တွင် တပ်မတော်အစိုးရက နိုင်ငံတော်တာဝန်ယူခဲ့ရသည်ဟု သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားသွားသည်ကိုလည်း တွေ့ရပါသည်။
အထက်ဖော်ပြပါအချက်များအရ နအဖသည် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏မူလအခွင့်အရေးကို ကန့်သတ်တားမြစ်နိုင်သည့် အခွင့်အာဏာမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်တားမြစ်ခဲ့ခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည်ကို အထင်အရှား တွေ့ရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်အားတားဆီးမိန့်ထုတ်သည့် အထဲတွင်ပါသည့် အချက်များမှာ သံရုံးများ၊နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီများနှင့် ဆက်နွယ်သူများနှင့်မဆက်သွယ်ရန်၊ နေအိမ်မှအပ ပြင်ပသို့ ထွက်ခွင့် လုံးဝမပြုရန်၊ အခြားသို့စာဖြင့်၊ စကားပြောကြေးနန်းဖြင့် ဆက်သွယ်ခြင်း မပြုရန်ဟုသာ ပါရှိသည်။သို့သော် တရားလိုပြသက်သေ မြန်မာနိုင်ငံ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူးရဲမှူးကြီး ဝင်းနိုင်ထွန်းက တရားရုံးတွင် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါမူလအခွင့်အရေးများကို ကန့်သတ်ထားခြင်းသည် တရားဝင် ဆက်လက် အတည်ဖြစ်လျက်ရှိသကဲ့သို့ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ပေးနိုင်ရန်တမင်ရည်ရွယ်၍ ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
၁၉၇၄ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခြေခံအခွင့်အရေးများကိုကန့်သတ်မည်ဆိုလျှင် ဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်ရပါမည်။ နအဖသည် ဥပဒေနှင့်အညီ ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့်အစိုးရမဟုတ် ထို့ကြောင့် ယခုအမှုကို မစွဲဆိုနိုင်၊ ဥပဒေနှင့်အညီစွဲဆိုခြင်း မရှိသည့် အမှုကို လက်ခံစစ်ဆေးနေခြင်းသည် မူလကပင်မှားယွင်းနေသည့်အတွက် စွဲဆိုထားသည့် အမှုကို တရားလိုဘက်မှရုပ်သိမ်းရန်သာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပေသည်။