ထိုင်းနိုင်ငံသွားရောက်မည့် မြန်မာနှစ်ဦး၏ မိဘများ ဗီဇာမရသေး

ထိုင်းနိုင်ငံသွားရောက်မည့် မြန်မာနှစ်ဦး၏ မိဘများ ဗီဇာမရသေး
by -
မဇ္စျိမ

လိပ်ကျွန်း လူသတ်တရားခံဟုဆိုကာ ထိုင်းရဲတို့ ဖမ်းဆီးထားသော မြန်မာလူငယ်နှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံသို့ သွားရောက်နိုင်ရန် သုံးရက်အတွင်း နိုင်ငံကူးလက်မှတ် ရရှိထားသော်လည်း သက်ဆိုင်ရာနိုင်ငံ က ပြည်ဝင်ခွင့် ဗီဇာ မပေးသေးဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က အောက်တိုဘာ ၁၆ ရက်တွင် မဇ္စျိမကို ပြောသည်။

“ပတ်စပို့က ဒီမနက်ရတယ်၊ ဗီဇာကတော့ စကားပြောတုန်းပဲ ရှိသေးတယ်”ဟု ၎င်းကပြောသည်။
ထိုင်းသို့သွားမည့် မိသားစုဝင်တို့သည် ရခိုင်လူမှုအဖွဲ့အစည်းတို့၏ အကူအညီဖြင့် အောက်တိုဘာ ၁၂ ရက်တွင်  ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ရန်ကုန်သို့ရောက်ရှိလာခြင်းဖြစ်သည်။

Thailand-Murder-Myanmar-Worker-04

ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “ဒီကိစ္စတွေ ခက်ခဲစရာမရှိပါဘူး အဆင်ပြေသွားမှာပါ” ဟုပြောသည်။

ထိုင်းရဲတို့ ဖမ်းဆီးထားသည့် လူငယ်နှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံခရီးစဉ်အတွင် လုံခြံုရေးနှင့် နေထိုင်သွား လာရေးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကူညီမည်ဖြစ်သည်။

စက်တင်ဘာ ၁၅ရက်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့တောင်(ခိုတောင်)ကျွန်း၌ ဗြိတိန်စုံတွဲ သေဆုံးမှု ကို မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦးတို့ ကျူးလွန်ခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုင်းအစိုးရ ဥပဒေရုံးကမူ ရဲတပ်ဖွဲ့၏ အမှုတွဲ တင်ပြချက် ပြည့်စုံမှုမရှိ၍ ပြန််လည်စစ်ဆေးမှု များ တစ်လအတွင်း အပြီးသတ်ရန် အောက်တိုဘာ ၈ ရက်က ညွှန်ကြားထားသည်။

Most read this week