ပညာရေး ၀န်ကြီး ဌာနမှ မွန်ပြည်နယ်ရှိ အစိုးရ စာသင်ကျောင်း အတွင်း တိုင်းရင်းသား ဘာသာကို သင်ကြား ပေးနေသည့် ကျောင်းဆရာ ဆရာမ များကို ထောက်ပံ့ကြေး ပေးဆောင် နေပြီဟု ချောင်းဆုံ မြို့နယ် မဲဆန္ဒ နယ်မှ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
“အစိုးရ ကျောင်းမှာ ဘယ်တိုင်းရင်းသား မဆို ကရင် ဖြစ်ဖြစ် မွန်ဖြစ်ဖြစ် အဲဒီ တိုင်းရင်းသား စာပေါ့နော် သင်ကြား ပေးနေတဲ့ ဆရာ ဆရာမ တွေအတွက်ကို ထောက်ပံ့ကြေး သဘော မျိုးနဲ့ တလကို သုံးသောင်း ပေးနေတယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
မွန်ပြည်နယ် အတွင်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စကာ အစိုးရ စာသင်ကျောင်း များတွင် မွန်စာပေနှင့် တိုင်းရင်း သားဘာသာ စာပေကို သင်ကြား သွားနိုင်ရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဧပြီ လဆန်းတွင် မွန်ပြည်နယ် လွှတ်တော်ရေးရာ ကော်မတီများ မြို့နယ် အလိုက် မွန်၊ ကရင် ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင် များ မော်လမြိုင် တက္ကသိုလ်မှ ပါမောက္ခများ မော်လမြိုင် တက္ကသိုလ် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီများ နိုင်ငံရေး ပါတီ အဖွဲ့ အစည်း များမှ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး တိုင်းရင်း ဘာသာ စာပေ သင်ကြားရေး အတွက် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။
အစိုးရ ကျောင်းများတွင် တိုင်းရင်းဘာသာ စာပေ များအား သင်ကြား ပေးနေသည့် ဆရာ ဆရာမ များအား ထောက်ပံ့ငွေကြေး ပေးမှု ဆိုင်ရာ အစီအစဉ်ကို ပြည်ထောင်စု ပညာရေး ၀န်ကြီး ဌာနမှ ပေးဆောင်ခြင်း ဖြစ်ပြီး အောက်တို ဘာလမှ စတင် ပေးဆောင် နေပြီ ဖြစ်ကြောင်း ဆိုသည် ။
ထိုသို့ အစိုးရ ပြည်ထောင်စု ပညာရေး ဝန်ကြီး ဌာနမှ ထောက်ပံကြေး ပေးမည့် အစီအစဉ်အား မြို့နယ်၊ ပြည်နယ် ပညာရေးမှူး ရုံးများမှ တဆင့် အမှတ် (၁) အခြေခံ ပညာ ဦးစီး ဌာနသို့ ကျောင်းဆရာ အရေအတွက် သင်ကြားမည့် ကျောင်း အရေ အတွက် စာရင်း ဇယားများ ပြန်လည် ပေးပို့ ညှိနှိုင်း နေခဲ့ရ သဖြင့် (၁၀) လပိုင်းမှသာ လက်တွေ့ အကောင်အထည် ဖော်နိုင် ခဲ့ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ရှင်းပြသည်။
မွန်ပြည်နယ် အတွင်း မွန်စာပေ သင်ကြားမှု အစီ အစဉ်အား မွန်ပြည်သစ် ပါတီ ဗဟို ပညာရေး ဌာနမှ ကိုင်တွယ်လျက် ရှိကာ အစိုးရ စာသင်ကျောင်း များနှင့် သက်ဆိုင်ရာ တွဲဖက် မွန်အမျိုးသား ကျောင်းများတွင် မွန်စာ များကို သင်ကြား ပေးနေလျက် ရှိသည်။
မွန်အမျိုးသား ပညာရေး ဌာနမှ အစိုးရ စာသင်ကျောင်း (၁၀၇) ကျောင်း၌ မွန်စာပေအား ပူးတွဲ သင်ကြား ပေးနေသည့် ဆရာ ဆရာမ ပေါင်း (၃၀၀) ၀န်းကျင်ခန့် ရှိကြောင်း နှင့် မွန်ပြည်သစ် ပါတီ ပညာရေး ဌာန အနေဖြင့် ထိုသို့ ထောက်ပံ့ကြေး ပေးရန်လည်း တင်ပြ တောင်းဆို ခဲ့ဖူးကြောင်း မွန်အမျိုးသား ပညာရေး ကော်မီတီ တဦး ဖြစ်သူ နိုင်အိုင်းကွန်က ပြောသည်။
“ အခုလို ဆရာ ဆရာမ တွေအတွက် ထောက်ပံ့ကြေး ပေးလာ တာဟာ သူတို့ အတွက် ပိုပြီး အဆင်ပြေ သွားတာပေါ့။ ကျွန်တော် တို့လဲ အစိုးရကို တောင်းဆို ထားတာ ကြာပြီ၊ အခုမှ သူတို့ ချပေးတာ။ အရင်တုန်းက ဆိုရင် ကျနော်တို့ ဆရာတွေကို ထောက်ပံ့ကြေး ပေးနိုင်ဖို့ ကိုယ့်ဘာသာ ကိုယ်ရှာ ရတော့ အခက်အခဲတွေ အများကြီး တွေ့ခဲ့တယ်” ဟု ပြောသည်။
မွန်အမျိုးသား ပညာရေး ဌာန လက်အောက်ခံ စာသင်ကျောင်း များတွင် ပညာသင်ကြား ပေးနေ သည့် ကျောင်းဆရာ ဆရာမ များသည် လစာ နည်းပါးစွာနှင့် ရပ်တည် နေရကာ ကလေးများ မွန်စာ တတ်မြောက်ရန် အတွက် စာပေ သင်ကြား ပေးနေခြင်း ဖြစ်ကြောင်းလည်း ရေးမြို့နယ်မှ အမည်မဖော် လိုသည့် ဒေသခံ ဆရာမ တစ်ဦးက ပြောသည်။
“ကျွန်မတို့ စာသင်နှစ် (၁၀) နှစ်ကျော် ရှိပြီလေ။ လခကတော့ ကျပ်ငွေ (၁၃၀၀၀) လောက်ဘဲ ရတယ်။ တကယ်လို့ လခနဲ့ တွက်လို့ ရှိရင်တော့ ဘယ်လိုမှ သင်ပေး နိုင်မှာ မဟုတ်ဘူး၊ ကိုယ့်မွန်လူမျိုးတွေ မွန်စာ တတ်ဖို့နဲ့ ကိုယ့်ရဲ့ မွန်စာပေ မပပျောက် သွားအောင် ရည်ရွယ်ပြီး အနစ်ခံ သင်ပေး နေတာပါ” ဟု ၎င်းမှ ပြောသည်။
မွန်ပြည်နယ် ကရင် ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီး အတွင်း၌ မွန်အမျိုးသား ပညာရေး ဌာန လက်အောက်ခံ စာသင်ကျောင်း (၁၄၂) ကျော် ရှိပြီး ထိုထဲ၌ အထက်တန်းကျောင်း (၃) ကျောင်း ရှိကာ အဆိုပါ စာသင်ကျောင်း များတွင် ဆရာ၊ ဆရာမပေါင်း (၇၈၄) ဦး ရှိပြီး ကျောင်းသားပေါင်း (၁၃၁၅၅) ဦး ရှိကြောင်း မွန်အမျိုးသား ပညာရေး ဌာနမှ ထုတ်ပြန်သည့် စာရင်း အရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလ အတွင်း နေပြည်တော်တွင် ကျင်းပ ခဲ့သည့် လွှတ်တော် အစည်း အဝေးတွင် ပညာရေး ၀န်ကြီး ဌာနမှ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြအေးမှ တိုင်းရင်းသား ဘာသာရပ် များကို မူလတန်း အဆင့် ကျောင်းချိန် ပြင်ပတွင် သင်ကြားခွင့် ပြုသည်ဟု ပြောဆို ခဲ့သည်။
ဤကဲ့သို့ ကျောင်းချိန် ပြင်ပတွင် တိုင်းရင်းသား စာပေ သင်ကြားခွင့်အား ပြည်ထောင်စု လွှတ်တော်မှ ခွင့်ပြုချက် ပေးနေ သော်လည်း ချင်းပြည်နယ် (၉) မြို့နယ် အတွင်း၌ နယ်မြေ ဒေသ အလိုက် ဘာသာစကား မတူ ကွဲပြားမှု ရှိနေသည့် အတွက် တိုင်းရင်း စာပေ သင်ကြား ရေးတွင် လိုအပ်ချက် များနှင့် စိန်ခေါ်မှုများကို ရင်ဆိုင် နေရဆဲ ဖြစ်ကြောင်း ချင်းအမျိုးသား ပါတီ အတွင်းရေးမှူး (၁) ဆလိုင်း ငယ်ပီးက ပြောသည်။
“ချင်းပြည်နယ်မှာ ဆရာ ဆရာမတွေ များသော အားဖြင့် ဗမာတွေ ဖြစ်တယ်။ ချင်းစကားတွေ မသိကြဘူး။ အဲချင်းစာပေ သင်မယ် ဆိုရင်တော့ ဒေသခံက ကျောင်းဆရာ ဆရာမ မဟုတ်တဲ့ သူတွေကို ချင်းစာ ဆရာမတွေ အဖြစ်နဲ့ ကျွန်တော်တို့ မွမ်းမံ သင်တန်းတွေ ပေးရမယ်။ သူတို့ရဲ့ လခတွေ ပါမယ်။ သူတို့ မွမ်းမံ သင်တန်း စရိတ်တွေ ပါမယ်။ အဲတာ တွေက စိန်ခေါ်ချက် တွေပေါ့” ဟု ဆလိုင်း ငယ်ပီးက ပြောသည်။
ထိုအလားတူ ရှမ်းပြည်နယ် တွင်လည်း ကျောင်းချိန် ပြင်ပတွင် ရှမ်းစာပေ သင်နိုင်ရန် သင်ရိုးညွှန်းတန်း တခုတည်း ဖြစ်ရေး အတွက် ကြိုးပမ်း လုပ်ဆောင် နေဆဲ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းက ပြောသည်။
“ရှမ်းစာပေ အသံထွက်က ၅ ခု ယူမလား၊ ၆ ခု ယူမလား ဆုံးဖြတ် ကြရ မှာပေါ့နော်။ ကျောင်းမှာ သင်နိုင်အောင် ကြိုးစား ရမှာပေါ့” ဟု စိုင်းအိုက်ပေါင်းက ပြောသည်။
မွန်ပြည်နယ် အလားတူ အခြား တိုင်းရင်းသား ဘာသာ စာပေ များကို သင်ကြား ပေးနေသည့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ် များတွင် ဤကဲ့သို့ ကျောင်းဆရာ ဆရာမ များအား အစိုးရမှ ထောက်ပံကြေး ပေးမည့် အစီအစဉ် ကိုမူ မလုပ်ဆောင် နိုင်သေးပေ။